ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုးဦးက အများပြည်သူနှောင့်ယှက်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးဆုံးဖြတ်

ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုးဦးက အများပြည်သူနှောင့်ယှက်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးဆုံးဖြတ်

ဟောင်ကောင်၌၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုများအတွင်းပါဝင်ခဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုးဦးသည် အများပြည်သူဆိုင်ရာနေရာတွင် အနှောင့်အယှက်ပေးခဲ့မှုကျူးလွန်ခဲ့ကြောင်း တရားရုံးတစ်ရုံးက ဧပြီ ၉ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
 

ယင်းကိုးဦးတွင်ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှု၏ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံရသူသုံးဦးလည်းပါဝင်ခဲ့သည်။

၎င်းတို့သည် ဆန္ဒပြမှုများအတွင်းပါဝင်မှုဖြင့် ထောင်ဒဏ်ခုနစ်နှစ်အထိချမှတ်ခံရခြေရှိနေသည်။
၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်သားများသည် ကျွန်းအုပ်ချုပ်ရေးမှူးကိုမဲပေးရွေးချယ်ရာတွင် ဟောင်ကောင်သားများ တိုက်ရိုက်ပါဝင်ခွင့်ပြုရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အများပြည်သူနှောင့်ယှက်မှုကျူးလွန်သူများအဖြစ် ဆုံးဖြတ်ခံရသူများတွင် ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်းများရှိရာနေရာရှိ လည်ပတ်မှုများရပ်ဆိုင်းသွားသည်အထိ သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူများဖြစ်သည့် လူမှုဗေဒပါမောက္ခ ချန်းကင်မန်း၊ ဥပဒေပါမောက္ခ ဘန်နီတိုင်နှင့် ခရစ်ယာန်ဘုန်းကြီး ချူယူမင်တို့ပါဝင်နေသည်။

ယနေ့မည်ကဲ့သို့ဆုံးဖြတ်သည်ဖြစ်စေ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ရပ်ဆိ်ုင်းမည်မဟုတ်ကြောင်း တိုင်ကပြောဆိုခဲ့သည်။

တိုင်နှင့် ချန်းတို့သည် အများပြည်သူအနှောင့်အယှက်ဖြစ်စေမှုကိုသာမက အခြားလူများလည်း အလားတူပြုလုပ်လာရန် လှုံ့ဆော်မှုကိုပါကျူးလွန်ခဲ့ကြောင်း တရားရုံးကဆုံးဖြတ်ခဲ့သည်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ထောက်ခံကြောင်းအင်အားပြသည့်အနေဖြင့် လူရာပေါင်းများစွာသည် တရားရုံးရှေ့၌ စုဝေးခဲ့ကြသည်။

တရားရုံး၏ဆုံးဖြတ်ချက်ကြောင့် အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို အပြစ်ပေးရန် ပိုမိုရဲတင်းသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကဝေဖန်ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဟောင်ကောင်သားများအား တိုက်ရိုက်ရွေးချယ်ခွင့်ပေးမည်ဖြစ်သော်လည်း တရုတ်အစိုးရက ကြိုတင်အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ်လောင်းများအနက်မှ တစ်ဦးကိုသာ ရွေးချယ်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်သည် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံခြားရေးနှင့်ကာကွယ်ရေးမှလွဲ၍ အခြားနယ်ပယ်များတွင် လွတ်လပ်ခွင့်ပေးရမည်ဆိုသည့် ကတိကိုရရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူသုံးဦးခေါင်းဆောင်ပြီး လူထုပါဝင်သော အုံကြွမှုကြီးဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများသည် လူစုခွဲသည့် ရဲတပ်ဖွဲ့၏မျက်ရည်ယိုဗုံးများမှကာကွယ်ရန်အတွက် ထီးများကိုအသုံးပြုခဲ့သောကြောင့် ဆန္ဒပြမှုကို ထီးလှုပ်ရှားမှုအဖြစ် လူသိများခဲ့သည်။