အီရန်နိုင်ငံမှ ရီပတ်ဘလီကန်အစောင့်တပ်(အိုင်အာရ်ဂျီစီ အထူးတပ်ဖွဲ့)ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ရန် အမေရိကန်က စိုင်းပြင်းနေခြင်းအပေါ် အီရန်နိုင်ငံက အပြင်းအထန်ကန့်ကွက်လိုက်ပြီး အမေရိကန်တပ် အားလုံးကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုကြောင်း တုံ့ပြန်ခဲ့သည်။
အီရန်လွှတ်တော်တွင် အစောင့်တပ်ကိုထောက်ခံအားပေးသည့်အနေဖြင့် ယင်းတပ်ဝတ်စုံဝတ်ဆင်ထားသည့် အမတ်များစုဝေးကာ အမေရိကန်ကျဆုံးပါစေဟု ကြွေးကြော်ခဲ့ကြကြောင်း အစိုးရတစ်ပိ်ုင်း ဖားစ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။
အီရန်လွွှတ်တော်ပြောခွင့်ရသူ အလီလာရီဂျာနီက အမေရိကန် ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချလျက် မိုက်မဲမှုနှင့် မသိနားမလည်မှု မီးပေါင်မြင့်ချိန်ဟု ဝေဖန်လိုက်သည်။
အမေရိကန်စစ်ဘက်ဗဟိုကွပ်ကဲရေးဌာနနှင့် လက်အောက်ခံတပ်အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လျာထားကြောင်း၊ အမေရိကန်အစိုးရသည် အကြမ်းဖက်ဝါဒကိုထောက်ပံ့သူဖြစ်ကြောင်းလည်း အီရန်က တုံ့ပြန်ခဲ့သည်။
ပြည်ပအစိုးရ အစိတ်အပိုင်းတစ်ရပ်ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာလိုသည့် အမေရိကန်အစိုးရ၏လုပ်ရပ်က လုပ်စားချေတုံ့ပြန်မှုများ ပေါ်ထွက်လာကာ ဒေသတွင်း မဟာမိတ်များနှင့် အမေရိကန်အလုပ်လုပ်ကိုင်ရေး ပိုမိုခက်ခဲစေမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
သမ္မတထရမ့်က အီရန်အစောင့်တပ်အား ပြည်ပအကြမ်းဖက်အဖွဲ့ဟု အသိအမှတ်ပြုခြင်းကို ကျေးဇူးတင်ကြောင်း၊ အစ္စရေး၊ အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများကို အကျိုးပြုသည့်လုပ်ရပ်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟုက ပြောဆိုခဲ့သည်။
ခေါင်းဆောင်များ၏ ဝင့်ကြွားပြောဆိုမှု၊ သံသယရှိဖွယ် နျူကလီးယားစီမံကိန်း၊ တာဝေးပစ် ဒုံးကျည်စီမံကိန်းများနှင့် ဟစ်ဇ်ဘိုလာကဲ့သို့ အစ္စရေးဆန့်ကျင်ရေးစစ်သွေးကြွအုပ်စုကို အကူအညီပေးမှုတို့ကြောင့် အီရန်ကို အစ္စရေးက အကြီးမားဆုံးရန်သူအဖြစ် ကာလကြာရှည် ရှုမြင်ခဲ့သည်။

















