ပိုလန်နိုင်ငံ၌ အွန်လိုင်းမှတစ်ဆင့် အငှားယာဉ်ခေါ်ယူနိုင်သည့် အူဘားကဲ့သို့ ကုမ္ပဏီများကို လည်ပတ်ခွင့်ပြုသည့် ဥပဒေသစ်တစ်ခုကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ဧပြီ ၈ ရက်တွင် အငှားယာဉ်မောင်းရာပေါင်းများစွာသည် မြို့တော်ဝါဆော၌ ယာဉ်တန်းရှည်ကြီးကို ဖြည်းဖြည်းမောင်းနှင်ကာ ဆန္ဒပြခဲ့ကြသည်။
လွန်ခဲ့သောအပတ်တွင် အစိုးရက အတည်ပြုခဲ့သည့် ဥပဒေကြောင့် ယာဉ်မောင်းပီသခြင်းမရှိသူများ၏ယှဉ်ပြိုင်မှုဒဏ်ကိုခံရ၍ သာမန်အငှားယာဉ်မောင်းများ ထိခိုက်နစ်နာတော့မည်ဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ဆန္ဒထုတ်ဖော်သည့် အငှားယာဉ်မောင်းများသည် ကယ်လီဖိုးနီးယားအခြေစိုက် အူဘားနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ထုတ်ဖော်သည့်အနေဖြင့် အမေရိကန်သံရုံးရှေ့သို့ ချီတက်ခဲ့ပြီး ယင်းနောက် စီးပွားရေးလုပ်ငန်းနှင့် နည်းပညာဝန်ကြီးဌာနအဆောက်အအုံဘက်သို့ ဆက်လက်ချီတက်ခဲ့သည်။
ဥပဒေကြောင့် အွန်လိုင်းမှတစ်ဆင့်ဝန်ဆောင်မှုပေးသည့် အူဘားကဲ့သို့ ကုမ္ပဏီများသည် အခြားအငှားယာဉ်ကုမ္ပဏီများကဲ့သို့ပင် အခွန်ဆောင်ရမည်ဖြစ်ပြီး ဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း အခြေခံအဆောက်အအုံဝန်ကြီး အန်ဒရေ အာဒမ်ဇင်ကပြောဆိုခဲ့သည်။
နောက်ထပ်ဆန္ဒပြမှုများကို ပြုလုပ်ဦးမည်ဖြစ်ကြောင်း အငှားယာဉ်မောင်းများကပြောဆိုခဲ့သည်။အူဘားကဲ့သို့ ကုမ္ပဏီများသည် ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်ခြေလည်းရှိနေကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။

















