မြန်မာလုပ်သား ၇၅ ဦးကို မလေးရှားသို့ တရား မဝင်စေလွှတ်ရန် စီစဉ်သူအား အမှုဖွင့်

မြန်မာလုပ်သား ၇၅ ဦးကို မလေးရှားသို့ တရား မဝင်စေလွှတ်ရန် စီစဉ်သူအား အမှုဖွင့်

မြိတ်မြို့တွင် မြန်မာအလုပ်သမား ၇၅ ဦးကို မလေးရှားနိုင်ငံသို့ တရားမဝင်စေလွှတ်ရန် စီစဉ်ဆောင်ရွက်ပေးသည့် ထမင်းဆိုင်ပိုင်ရှင်ကို သက်ဆိုင်ရာက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် မြိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ခင်ထွန်းက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြိတ်မြို့နေ ဒေါ်သန်းသန်းစိုး(ခ)မစိုး(၄၉ နှစ်)သည် မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံသို့ တရားမဝင်သည့် လမ်းကြောင်းမှ စေလွှတ်ပို့ဆောင်ရန် စီစဉ်ပေးနေကြောင်း နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန မှ စီစစ်ရန် မတ်လ ၁၁ ရက်နေ့တွင် တာဝန်ပေးအပ်သဖြင့် စုံစမ်းခဲ့ကြောင်း ဒေါ်ခင်ခင်ထွန်းက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ဒေါ်သန်းသန်းစိုး(ခ)မစိုး သည် မြန်မာအလုပ်သမား ၇၅ ဦးကို မောတောင်မြို့မြို့မရပ်ကွက်၊ ပြည်ထောင်စု ၂ လမ်းရှိ ၄င်းနေအိမ်ထမင်းဆိုင်တွင် နေရာချထားပေးခဲ့ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသဖြင့် အရေးယူပေးရန်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

မောတောင်နယ်မြေရဲစခန်းက (ပ)၅/၁၉၊ ၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ - ၂၆ အရ အမှုဖွင့်အရေးယူထားသည်။