တိဘက်လူမျိုးများ၏ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် အသက်ရှူလမ်းကြောင်းပိုးဝင်မှုကြောင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဆေးရုံတစ်ရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒလိုင်းလားမား၏ပြောခွင့်ရှိသူက ဧပြီ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။
အသက် ၈၃ နှစ်အရွယ် ဒလိုင်းလားမားသည် လိုအပ်သည့် ဆေးဝါးများကို မှီဝဲနေရဆဲဖြစ်ပြီး ဆေးရုံတွင် တစ်ရက်နှစ်ရက်ခန့်နေရဦးမည်ဖြစ်ကြောင်း ဒလိုင်းလားမား၏ပြောခွင့်ရှိသူ တန်ဇင်းတက်ဟာက ပြောသည်။
ဒလိုင်းလားမားသည် ကျန်းမာရေးစစ်ဆေးရန်အတွက် ၎င်းသီတင်းသုံးနေသည့် ဓမ္မသာလာမှ မြို့တော်သို့ လေယာဉ်ဖြင့်သွားရောက်ခဲ့ပြီး အခြေအနေစိုးရိမ်ရသဖြင့် ဧပြီ ၉ ရက်တွင် ဆေးရုံကုသမှုခံယူခဲ့သည်။
တိဘက်ဒေသ၌ တရုတ်၏အုပ်ချုပ်မှုကို ပုန်ကန်ခဲ့သည့် တော်လှန်ရေးမအောင်မြင်ခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်မှစ၍ ဒလိုင်းလားမားသည် ဓမ္မသာလာတွင် ခိုလှုံခဲ့သည်။
မကြာသေးမီနှစ်များမှစ၍ ဒလိုင်းလားမားသည် ကျန်းမာရေးအခြေအနေကြောင့် ခရီးသွားလာမှုအချို့ကိုလျှော့ချခဲ့သည်။
ဒလိုင်းလားမားသည်ဗုဒ္ဓဘာသာဆိုင်ရာတရားဟောကြားရန်နှင့် တိဘက်သားများ တရုတ်လက်မှ လွတ်မြောက်ရေးကြိုးပမ်းကြပုံများအကြောင်းကို ဟောပြောရန် တစ်နှစ်လျှင် လပေါင်းများစွာခရီးသွားလေ့ရှိသည်။
ဒလိုင်းလားမားသည် လွန်ခဲ့သောအပတ်တွင် နယူးဒေလီရှိ ဆရာများနှင့်ကျောင်းသားများ၏ညီလာခံတစ်ခုတွင် ဟောပြောမှုတစ်ခုပြုလုပ်ခဲ့သည်။
တိဘက်၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းသည့်အခါ တိဘက်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေခြင်းမဟုတ်ဘဲ နှစ်ဖက်စလုံးလက်ခံနိုင်သည့်အတိုင်းအတာကိုအခြေခံပြီး တရုတ်နှင့်ပူးပေါင်းလိုခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















