ဘရက်ဇစ်အရေး အချိန်ဆိုင်းငံ့ပေးရန် ဥရောပကောင်စီဥက္ကဌဒေါ်နယ်တပ်ခ်စ်က အီးယူခေါင်းဆောင်များကိုတိုက်တွန်း

ဘရက်ဇစ်အရေး အချိန်ဆိုင်းငံ့ပေးရန် ဥရောပကောင်စီဥက္ကဌဒေါ်နယ်တပ်ခ်စ်က အီးယူခေါင်းဆောင်များကိုတိုက်တွန်း

အကျပ်ဆိုက်နေသည့် ဥရောသမဂ္ဂ(အီးယူ)မှ ဗြိတိန်ထွက်ခွာရေး(ဘရက်ဇစ်) အစီအစဉ် ပြောင်းလွယ်ပြင်လွယ်ရှိရန် အချိန်ပိုမိုဆိုင်းငံ့ပေးရေး အီးယူခေါင်းဆောင်များက စဉ်းစားပေးရန် ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်ခ်စ်က တိုက်တွန်းလိုက်သည်။

ဘရက်ဇစ်ကို တစ်နှစ်အထိအချိန်ဆိုင်းပေးရေး ဗြိတိန်သို့ကမ်းလှမ်းရန် အီးယူကစဉ်းစားသင့်ကြောင်း အီးယူ၏နိုင်ငံရေးလမ်းကြောင်းနှင့် ဦးစားပေးအစီအစဉ်များကို ချမှတ်ရသည့် ဥရောပကောင်စီ၏ဥက္ကဌ ဒေါ်နယ်တပ်ခ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှဗြိတိန်ထွက်ခွာရေးကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပေးရန် သက်တမ်းတိုးတောင်းဆိုမှုသည် လုံလောက်ကြောင်း ယုံကြည်ရန် အကြောင်းရင်းအနည်းငယ်သာ ရှိကြောင်းလည်း တပ်ခ်စ်က ပြောသည်။

အချိန်ထပ်တိုးပေးသင့်ကြောင်း ဖော်ပြချက်များကို တပ်စ်ခ်က အီးယူခေါင်းဆောင်များထံ ရေးသားပေးပို့သည့်စာတွင် ပူးတွဲဖော်ပြခဲ့သည်။

လက်ရှိတွင် ဗြိတိန်သည် အီးယူမှထွက်ခွာရန် သက်တမ်းတိုးပေးထားမှုကဧပြီ ၁၂ ရက်တွင် အချိန်စေ့မည်ဖြစ်သည်။

ထရီဆာမေအစိုးရနှင့် အီးယူခေါင်းဆောင်များအကြားလွန်ခဲ့သည့်နှစ်က သဘောတူထားသည့် ဘရက်ဇစ်မူကြမ်းကို ဗြိတိန်လွှတ်တော်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့သည်။

သဘောတူညီချက်မပါဘဲ ကသောင်းကနင်းထွက်ခွာမှု မဖြစ်စေရေး နောက်ဆုံးရက် သက်တမ်းတိုးပေးရန် ထရီဆာမေကအီးယူကို မေတ္တာရပ်ခံထားသည်။

အီးယူထိပ်သီးညီလာခံမတိုင်မီ ထရီဆာမေသည် ပြင်သစ်နှင့်ဂျာမနီသို့သွားရောက်ကာ ခေါင်းဆောင်အသီးသီးနှင့် တွေ့ဆုံခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ဘရက်ဇစ်ရွှေ့ဆိုင်းရေးသည် ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၀ နှစ်ဆန်းအထိ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

အီးယူမှ ဗြိတိန်ထွက်ခွာရာတွင် အစီအစဉ်တကျဖြစ်ရေး အရေးကြီးကြောင်း သဘောတူညီကြသည့် ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း မာကယ်နှင့်မေတို့ ပူးတွဲထုတ်ပြန်ခဲ့ကြသည်။

ဧပြီ ၁၂ ရက်မှတဖန် ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးပေးသော်လည်း ဘရက်ဇစ်အကျပ်အတည်း မပြေလည်ပါက အကြိမ်ကြိမ်သက်တမ်းတိုးခွင့် တောင်းခံရမည်ဖြစ်ပြီး အီးယူထံမှ ခွင့်ပြုချက်မရပါက ကသောင်းကနင်းထွက်ခွာရေး ဖြစ်လာနိုင်၍ နှစ်ကုန်အထိသက်တမ်းတိုးပေးရန် စဉ်းစားလာကြခြင်းဖြစ်သည်။

ဘရက်ဇစ်ကို အီးယူကသက်တမ်းတိုးပေးရန် ကျန်အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက တစ်ညီတညွတ်တည်း ထောက်ခံရန် လိုအပ်သည်။

အကယ်၍ အီးယူက ငြင်းပယ်လိုက်ပါက ဗြိတိန်သည် အီးယူအဖွဲ့ထဲမှ ဧပြီ ၁၂ ရက်၌ ထွက်ခွာရတော့မည်ဖြစ်သည်။