နိုင်ငံရေး၊ မီဒီယာ၊ လူမှုမီဒီယာနှင့် နေ့စဉ်ပြောစကားများတွင် ရွှေ့ပြောင်း၊ ဒုက္ခသည်နှင့် နိုင်ငံခြားသားများအပေါ် ယခုလောက်ရန်လိုမှုကြီးကြီးဖြင့် ပြောဆိုမှုများကိုမကြုံခဲ့ဖူးကြောင်း ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာကော်မရှင်နာ ဖိလစ်ပိုဂရန်ဒီက ဧပြီ ၉ ရက်တွင်ပြောဆိုခဲ့သည်။
မတ် ၁၅ ရက်တွင် နယူးဇီလန်နိုင်ငံ ခရိုက်ချပ်ချ်၌ လူ ၅၀ ဦးသေဆုံးစေခဲ့သည့် ဗလီတွင်းဝင်ရောက်ပစ်ခတ်မှုသည် ရန်လိုမုန်းထားသော နိုင်ငံရေးဆိုင်ရာဘာသာစကား၏ အကျိုးဆက်သာဖြစ်ကြောင်း ဂရန်ဒီကပြောဆိုခဲ့သည်။
နယူးဇီလန်ခေါင်းဆောင်ပိုင်းနှင့်ပြည်သူများက အမုန်းတရားကိုဆန့်ကျင်ပြီး လူသားဝါဒကို ထုတ်ဖော်ပြခဲ့ပုံကို တစ်ကမ္ဘာလုံးက စံနမူနာထားရမည်ဖြစ်ကြောင်း ဂရန်ဒီကပြောဆိုခဲ့သည်။
နယူးဇီလန်ဗလီတိုက်ခိုက်မှုကိုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရသည့် လူဖြူအမျိုးသားရေးဝါဒီ ဘရန်တန် ဟာရီဆင်သည် ရွှေ့ပြောင်းအများစုလာရောက်လေ့ရှိသည့် ဗလီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေနတ်သမားသည် ပစ်ခတ်မှုကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် တိုက်ရိ်ုက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်လောက် ဒုက္ခသည်များအပေါ် ရန်လိုမုန်းထားကာ ပြောဆိုဆက်ဆံမှုများမရှိခဲ့ဖူးကြောင်း ဂရန်ဒီက ကုလလုံခြုံရေးကောင်စီသို့ပြောဆိုခဲ့သည်။
နိ်ုင်ငံရေးသမားအချို့သည် အမျိုးသားရေးဝါဒအခြေအနေ နိုင်ငံခြားသားမုန်းတီးမှုကို အသုံးချပြီး မဲရရှိရေးစည်းရုံးနေကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဒုက္ခသည်များသည် စစ်ပွဲနှင့် ဖိနှိပ်ခံရမှုတို့မှ လွတ်မြောက်ရေးအတွက် မိခင်နိုင်ငံကိုစွန့်ခွာရခြင်းဖြစ်သောကြောင့် ၎င်းတို့အပေါ် မုန်းတီးခြင်းသည် မှားယွင်းသလို မျှတမှုလည်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

















