ဖူကူရှီးမား နျူကလီးယားစက်ရုံဝန်းကျင်မှ ဒေသခံအချို့ ဇာတိဒေသ၌ ပြန်လည်နေထိုင်ခွင့် ရရှိ

ဖူကူရှီးမား နျူကလီးယားစက်ရုံဝန်းကျင်မှ ဒေသခံအချို့ ဇာတိဒေသ၌ ပြန်လည်နေထိုင်ခွင့် ရရှိ

၂၀၁၁ ခုနှစ် မတ်လငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးရုံပျက်စီးကာရေဒီယိုသတ္တိကြွဓာတ်များပျံ့နှံ့ပြီးနောက်ပိုင်းကတည်းကလူနေထိုင်ခွင့် တားမြစ်ထားသောဒေသအချို့တွင် ဧပြီ ၁၀ ရက်မှ စတင်ကာဂျပန်အစိုးရက ပြန်လည်နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်သည်။

ငလျင်နှင့် ဆူနာမီကြောင့် ဓာတ်ပေါင်းဖိုသုံးလုံးထိခိုက်ပျက်စီးခဲ့သည့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးရုံအနောက်တောင်ဘက် လေးမိုင်အကွာရှိအိုကူမာဒေသ၏ ၄၀  ရာခိုင်နှုန်းတွင် ဒေသခံများ ပြန်လည်နေထိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများတောက်လျှောက် ရေဒီယိုသတ္တိကြွအဆိပ်သင့် ဧရိယာများတွင် အပေါ်ပိုင်းမြေလွှာကိုဖယ်ရှား၊ သစ်ပင်များခုတ်သင်၊ အိမ်များလမ်းများနှင့် ရေဒီယိုသတ္တိကြွ သက်ရောက်မှုရှိသည့် နေရာတိုင်းကိုဆေးကြောကာရေဒီယိုသတ္တိကြွအဆိပ်များကိုရှင်းလင်းခဲ့သည်။

အိုကူမာအနီးရှိဖူတာဘာဒေသက တားမြစ်နယ်မြေအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်သည်။

လာမည့်နှစ် နွေရာသီတွင် တိုကျိုအိုလံပစ်ပွဲတော်  ကျင်းပမည့်ကာလအမီအစိုးရက ရေဒီယိုသတ္တိကြွအန္တရာယ်ကင်းကြောင်း ပြလိုသောကြောင့် ဒေသခံများကို မြန်ဆန်စွာ ပြန်ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

ဖူကူရှီးမားဒိုင်အီချီ နျူကလီးယားဓာတ်အားပေးရုံမှ ဓာတ်ပေါင်းဖိုခြောက်လုံးအနက် သုံးလုံးပျက်စီးမှုကြောင့် ရေဒီယိုသတ္တိကြွဓာတ်များပျံ့နှံ့ကာအခြေအနေအဆိုးဆုံးကာလ၌ ဝန်းကျင်ဒေသမှ လူပေါင်း ၁၆၀ဝ၀ဝ ကျော် ရွှေ့ပြောင်းခဲ့ရသည်။

ယခုနှစ်မတ်လအထိ အိမ်ပြန်ခွင့်မရသေးသူလေးသောင်းကျော် ကျန်ရှိနေဆဲဖြစ်သည်။