မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ဇနီး ရို့စ်မာ မန်ဆာသည် နေရောင်ခြည်စွမ်းအင်ဆိုင်ရာစာချုပ်တစ်ခုနှင့်ပတ်သက်၍ လာဘ်စားခဲ့မှုဖြင့် ဧပြီ ၁၀ ရက်တွင် တရားစွဲဆိုခံခဲ့ရသည်။
ပညာရေးဝန်ကြီးဌာနက ချပေးသည့် လုပ်ပိုင်ခွင့်တစ်ခုကိုရရှိရေးအတွက် ဂျဲပက်ဦးပိုင်ကုမ္ပဏီမှ မန်နေဂျာတစ်ဦးသည် ရို့စ်မာ၏ ကိုယ်ရေးအရာရှိတစ်ဦးမှတစ်ဆင့် ရင်းဂစ် ငါးသန်း( ဒေါ်လာ ၁ ဒသမ ၂၂ သန်း) ကို လာဘ်ငွေအဖြစ်ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
လာဘ်ယူမှုမကျူးလွန်ခဲ့ကြောင်း ရို့စ်မာက တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ရို့စ်မာသည် အာဏာအလွဲသုံးစားလုပ်ပြီး ကုန်ပစ္စည်းများဝယ်ယူခြင်း၊ အခွန်ရှောင်ခြင်းတိုု့ကိုလည်း ပြုလုပ်ခဲ့ကြောင်း ဥပဒေအရာရှိများက စွပ်စွဲပြောဆိုခဲ့သည်။
နာဂျစ်ဇနီးမောင်နှံ၊ အတွင်းစည်းနေသူများ၏လာဘ်ယူမှုများကြောင့် ယမန်နှစ် မေတွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် နာဂျစ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနသည် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းမပြုဘဲ ဂျဲပက်ခ်ကုမ္ပဏီအား ဘော်နီယိုကျွန်း အရှေ့ဆာရာဝတ်ပြည်နယ်ရှိ စာသင်ကျောင်း ၃၆၉ ခုတွင် ဆိုလာပြားများတပ်ဆင်ခွင့်ပြုခဲ့သည်။
နာဂျစ်၊ ၎င်း၏လက်ထောက်အရာရှိဟောင်းနှင့် အခြားအဆင့်မြင့်အရာရှိဟောင်းများသည်လည်း အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီးဖြစ်သည်။
အစိုးရသစ်သည် နိုင်ငံရေးအရ လက်စားချေရန် ကြိုးပမ်းနေကြောင်း နာဂျစ်ကပြောဆိုခဲ့သည်။သို့သော် ဥပဒေစိုးမိုးမှုနှင့်အညီ တရားစွဲဆိုခြင်းဖြစ်ပြီး စွပ်စွဲခံရသူများ မျှတစွာကြားနာစစ်ဆေးခံရရေးအတွက် တာဝန်ယူကြောင်း ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကပြောဆိုခဲ့သည်။

















