မြူလာစစ်ဆေးမှု မည်သည့်ရလဒ်မျှ ထွက်လာမည်မဟုတ်ဟု ကြိုသိပြီးသားဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ပြောဆို

မြူလာစစ်ဆေးမှု မည်သည့်ရလဒ်မျှ ထွက်လာမည်မဟုတ်ဟု ကြိုသိပြီးသားဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ပြောဆို

၂၀၁၆  အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားခြေဝင်ရှုပ်ခဲ့ကြောင်းအမေရိကန်နိုင်ငံရေးအသိုင်အဝိုင်းကစွပ်စွဲပြီးအက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်းရောဘတ်မူလာ ဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့ရာ ပတ်သက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းကောက်ချက်ထွက်လာသဖြင့် ထိုအဖြေမျိုးသာထွက်လာမည်ကို ကြိုသိပြီးသားဟု ရုရှားသမ္မတဗလာဒီမာပူတင်ကမှတ်ချက်ပေးပြောကြားလိုက်သည်။

ရောဘတ်မြူလာဦးဆောင်သောအဖွဲ့သည် ၂၂ လကြာစုံစမ်းစစ်ဆေးပြီးနောက် ကောက်ချက်အစီရင်ခံစာကိုလွှတ်တော်သို့ တင်သွင်းထားပြီဖြစ်သည်။

အစီရင်ခံစာကိုအများပြည်သူသို့ ထုတ်ပြန်ပေးရန် ထရမ့် အစိုးရနှင့် လွှတ်တော်တို့ ညှိနှိုင်းနေဆဲဖြစ်သည့်တိုင် ရွေးကောက်ပွဲကာလ၌ ထရမ့်အောင်နိုင်ရေးအတွက် ရုရှားအစိုးရက ကြားဝင်ချယ်လှယ်ပေးခဲ့သည်ဟူသောအထောက်အထားမျိုးမရှိဟူသောအစီရင်ခံစာအဓိကတွေ့ရှိချက်ကို တရားဝင်ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ထရမ့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သည် ရွေးကောက်ပွဲရလဒ်ကိုလွှမ်းမိုးရန်အတွက် ရုရှားအစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သည့် သက်သေအထောက်အထားမျိုးမတွေ့ရှိရကြောင်းရှေ့နေချုပ် ဝီလျံဘားက မြူလာအစီရင်ခံစာ အနှစ်ချုပ်ကိုမိတ်ဆက်ရေးသားရာ၌  ထည့်သွင်းရေးသားထားသည်။

၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း ရုရှားထောက်လှမ်းရေးများအွန်လိုင်းမှ စိမ့်ဝင်ခဲ့မှုအချို့ကိုမူ မြူလာစုံစမ်းစစ်ဆေးရေးအဖွဲ့ကဖော်ထုတ်နိုင်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီကွန်ပျူတာများကိုဖောက်ဝင်မှု၊ ဟီလာရီကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့် ဆက်စပ်နေသောတာဝန်ရှိသူများ၏ အီးမေးလ်များကိုထိုးဖောက်ဝင်ရောက်မှုများဖြင့် ရုရှားစစ်ဘက်ထောက်လှမ်းရေး ၁၂ ဦးကိုအမှုဖွင့်ထားသည်။

ရွေးကောက်ပွဲမတိုင်ခင်ကာလများကမစ္စတာထရမ့်သည် မော်စကိုသို့ စီးပွားရေးလုပ်ငန်းရှင်အဖြစ် လာရောက်စဉ်ကလည်း ရုရှားအစိုးရအနေဖြင့် မည်သည့် အဆက်အသွယ်မျှ မလုပ်ခဲ့ကြောင်း သမ္မတပူတင်က ဖြည့်စွက်ပြောကြားထားသည်။