ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး(လေတပ်)မှ အက်ဖ် ၃၅ အေ ရေဒါလှိုင်းဖျောက်တိုက်လေယာဉ်တစ်စင်းသည် ညအချိန် လေ့ကျင့်ပျံသန်းစဉ် ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်၌ ပြောဆိုခဲ့သည်။
လေယာဉ်ပျက်မှ အစိတ်အပိုင်းများ တွေ့ရှိရသော်လည်း ယင်းတိုက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် အသက် ၄၀ ကျော်အရွယ် လေသူရဲမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အမေရိကန်လုပ် ယင်းတိုက်လေယာဉ်သည် ဧပြီ ၉ ရက်က အာအိုမိုရီ အရှေ့ဖျား ကမ်းခြေပေါ်ပျံသန်းစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ယင်းရက်နှောင်းပိုင်းတွင် လေယာဉ်ပျက် အစိတ်အပိုင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မီဆာဝါလေတပ်အခြေစိုက်စခန်းမှ အခြားသော အက်ဖ် ၃၅ အေ တိုက်လေယာဉ်သုံးစင်းနှင့်အတူ ပျံတက်ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် ယင်းလေယာဉ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျခြင်းအကြောင်းရင်း မသိရှိရသေးကြောင်း၊ မီဆာဝါလေတပ်စခန်းရှိ ကျန် အက်ဖ် ၃၅ အေ တိုက်လေယာဉ် ၁၂ စီးစလုံး ပျံသန်းမှု ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး တာကဲရှီအီဝါရာက ပြောဆိုသည်။
အမေရိကန်လုပ် ဈေးနှုန်းကြီးမြင့်သည့် အက်ဖ် ၃၅ တိုက်လေယာဉ်များကို ဂျပန်က လွန်ခဲ့သည့်နှစ်တွင် စတင် ဖြန့်ချခဲ့သည်။
ယင်းလေယာဉ်များဝယ်ယူမှုသည် တရုတ်နှင့်မြောက်ကိုရီးယားခြိမ်းခြောက်မှုအလားအလာကို တုံ့ပြန်ရန် လာမည့်နှစ်များအတွင်း ဂျပန်ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ကာ လက်နက်စွမ်းရည်များလည်း မြှင့်တင်မှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက တစ်စင်းလျှင် ယန်း ၁၀ ဘီလျံ(အမေရိကန်ဒေါ်လာ သန်း ၉၀)တန် အက်ဖ် ၃၅ အေ အမျိုးအစား ၁၀၅ စင်း အပါအဝင် အက်ဖ် ၃၅ တိုက်လေယာဉ်စုစုပေါင်း ၁၄၇ အထိ ဝယ်ယူရန်အစီအစဉ်ကို လွန်ခဲ့သည့်ဒီဇင်ဘာက လွှတ်တော်ထံမှ အတည်ပြုချက်ရရှိခဲ့သည်။

















