ဆရာမဒေါ်ငယ်ငယ်ခင်သည် ဟင်းခွက်ရှစ် ခွက်ကို ထမင်းပန်းကန်၏ရှေ့တွင်ချ၍ စိမ်ပြေနပြေ ပွဲတော်တည်လျက်ရှိသည်။ ထိုကဲ့သို့ ပွဲတော်တည် နေစဉ်တစ်ဖက်ခန်းမှ ဆရာဦးဝင်းသိန်း ရောက် လာပြီး "ဟာ....ဆရာမ ဟင်းခွက်တွေများ လှချည်လား၊ ဆရာမတို့ကတော့ ပိုင်တယ်ကွာ" ဟု ချီးမွမ်းထောမနာပြုခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ် လောက်သော စကားကိုဆိုသည်။
ဒေါ်ငယ်ငယ်ခင်၏မျက်နှာမှာ မသိမသာ ပျက်သွားသည်-။ အမှန်တကယ်လည်း ဦးဝင်း သိန်းက ဒေါ်ငယ်ငယ်ခင်ကို စစ်မှန်သောသဘော ဖြင့် ချီးကျူးသမှုပြုခြင်းမဟုတ်သည်ကို ဒေါ်ငယ် ငယ်ခင် ရိပ်စားမိပေသည်။ ဦးဝင်းသိန်းသည် လည်း အကြောင်းကိစ္စကြီးငယ်ရှိ၍ ဒေါ်ငယ် ငယ်ခင်ထံ လာရောက်ခြင်းပြုသည် မဟုတ်ဘဲ နေ့လယ်စာစားသောက်ပြီး ထိုင်ခုံတွင် ထိုင်မနေ ချင်သောကြောင့် ဟိုစားပွဲ၊ ဒီစားပွဲ၊ ဟိုအခန်း၊ ဒီအခန်းခြေထောက်ကမ်းနား ခေတ္တခဏလျှောက် သွားခြင်းဖြစ်လေသည်။ အခန်းထဲမှ ဦးဝင်းသိန်း ထွက်သွားသည်နှင့် ဒေါ်ငယ်ငယ်ခင်၏ ပါးစပ် သည် စားလက်စထမင်းကို လက်စသတ်ပြီး
"လူတွေက ငယ်ငယ်ခင် ထမင်းစားနေပုံကိုကြည့် ပြီးဝေဖန်ချင်နေကြတာ။ ငယ်ငယ်ခင်က လူတွေကို ဘယ်လို ကူညီစောင့်ရှောက်ခဲ့တယ်ဆိုတာကျတော့ ဂဃနဏမသိကြဘူး" ဟု မည်သူ့ကိုမှန်း မသိသော ၎င်းဦးတည်ချက်မဲ့စကားဖြင့် တုံ့ပြန် ပြောဆိုသည်။
တကယ်တမ်းတော့ ဦးတည်ချက်မမဲ့ပါ။ သူ့ဦးတည်ချက်က ဒေါ်ငယ်ငယ်ခင် ထမင်းစား ရာတွင် ဟင်းခွက်ရှစ်ခွက်ကို အကြောင်းပြု၍ ထေ့ငေါ့သွားသော ဦးဝင်းသိန်းကို ဦးတည်သလိုနှင့် အခန်းထဲရှိ ကျန်ဝန်ထမ်းများကိုပါ မိတ္တူပေး လိုက်ခြင်းဖြစ်လေသည်။ ဒေါ်ငယ်ငယ်ခင်လို "ချက်ဆို နားခွက်ကမီးတောက်" သည့် အရာထမ်း တစ်ဦးသည် မည်သူက မည်ကဲ့သို့မျက်လုံးဖြင့် ငယ်ငယ်ခင်ကို ဝေဖန်ကြည့်ကြည့်သည်ကို သိပါ သည်။ ယခုလည်း သူနှင့်အဆင့်တူ ရာထူးရှိသော ဦးဝင်းသိန်းက ဒေါ်ငယ်ငယ်ခင်၏ ထမင်းစားပွဲ ပေါ်မှ ဟင်းခွက်များကိုကြည့်ကာ ပြောသွားသည့် စကား၏အတိမ်အနက်နှင့် စကား၏ဦးတည် ချက်ကို သိနေပါသည်။
ဒေါ်ငယ်ငယ်ခင်သည် လွန်ခဲ့သည့် တစ်နှစ် အတွင်းတွင် ပြုမူပုံများပြောင်းလဲလာသည်ဟု ကိုဟန်တင် တွေးထင်မိသည်။ သူသည် ဘုရင်မ တစ်ပါးလို နေချင်ပုံရသည်။ ဒါမှမဟုတ် အရင် ဘဝက ဘုန်းကြီး၊ ရဟန်း ဝင်စားပုံရသည်။ သူသည် လက်အောက်ဝန်ထမ်းငယ်များ နေအိမ်၊ အဆောင်မှ ချက်ပြုတ်ကြော်လှော်ထည့်လာသော ဟင်းများဖြင့် ထမင်းစားသည်။ အငယ်တန်း စာရေးအဆင့်လောက်ရှိသော ဝန်ထမ်းများသည် သူတို့ချက်ပြုတ်ကြော်လှော်ထည့်လာသောဟင်း ကို သူတို့ဆရာမထံ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအား ဆွမ်းကပ်သကဲ့သို့ စားဦးစားဖျားကို ဆက်ကပ်ကြ ရသည်။ ထိုကဲ့သို့ပြုမူသည်မှာ တစ်ရက်တည်း မဟုတ်ပေ။ ဆရာမ ဒေါ်ငယ်ငယ်ခင် ရုံးသို့လာ သည့်နေ့တိုင်း စားကောင်းသောက်ဖွယ်မှန်သမျှ ဆရာမကြီး ဒေါ်ငယ်ငယ်ခင်၏ နေ့လယ်စာ ထမင်းဝိုင်းသို့ ပူဇော်ဆက်သကြရသည်။
အစပိုင်းရက်များက သူ့တပည့်ကျော်များကို "ဟဲ့.... -နင်တို့ ဘာဟင်းတွေချက်ခဲ့ကြလဲ" ဟု ပဋိသန္ဓာရစကားပြောသလို သာမန်မိန်းမသား များ ရပ်ကွက်ထဲတွင် အိမ်နီးချင်း၊ အခန်းနား နီးချင်းမေးသလိုမေးသည်။ သို့ရာတွင် တပည့် မိန်းကလေးများက "အန်တီ မြည်းကြည့်လေ၊ ဝက်သားကို သကြားနဲ့နယ်ပြီး အချိုချက်ကလေး ချက်လာတာ" "အန်တီစားပါ၊ သမီး အန်တီ့ အတွက် ပိုထည့်လာတာ" ဆိုသည်မှ အစပြုကာ ဝန်ထမ်းငယ်သုံးယောက်သည် သူတို့အန်တီ ဒေါ်ငယ်ငယ်ခင်အတွက် နေ့စဉ်ဆိုသလို "ဟင်း" များ ပို၍ထည့်လာရတော့လေသည်။ ဟင်းချိုင့် နှစ်ချိုင့်တွင် အသားဟင်းကောင်းတစ်ချိုင့်ပါ အောင်တော့ ချက်လာရတော့လေသည်။
ဒေါ်ငယ်ငယ်ခင်သည် သူ့ဌာနခွဲတွင် အကြီး အကဲဖြစ်သည်။ ဌာနခွဲတွင် ရာထူးအကြီးဆုံး ဖြစ်သလိုလစာနှင့် ရပိုင်ခွင့်လည်း အများဆုံးဖြစ် သည်။ သူ့မှာ ဌာနကပေးထားသော မော်တော် ကားရှိသည်။ မော်တော်ကားမရမီတုန်းက "မော်တော်ကား မရရကောင်းလား" ဟုဆိုကာ ဦးစီးဌာနမှ တာဝန်ရှိသူအဆင့်ဆင့်ကို အမျိုးမျိုး တောင်းဆိုသည်။ မော်တော်ကားရလျှင် လွှတ် တော်ရှေ့က ယာဉ်ကြော ၂၀ ပါဝင်သည့် လမ်းမ ကြီးပေါ်တွင် နေ့မအား ညမနား ကားမောင်းသွား သင်တော့မယောင်၊ မြို့မဈေးက ယာဉ်မောင်း သင်တန်းကိုပဲ အခုချက်ချင်းသွားတက်တော့ မယောင်ပြောသည်။ တကယ်တမ်း မော်တော် ကားလည်း ပေးလိုက်ရော အသံမကြားရတော့ပေ။
မော်တော်ကားမှာ သင့်တင့်သော ကောင်းမွန် မှုရှိသည်။ နည်းနည်းပါးပါး မွမ်းမံလိုက်ရုံနှင့် လွယ်ကူစွာမောင်းနှင်လို့ရသည်။ မော်တော်ကား ရပြီး အစောပိုင်းရက်များက ရုံးတွင် ဒေါ်ငယ်ငယ် ခင်သည် မော်တော်ကားနှင့်ပတ်သက်၍ မည်ကဲ့ သို့ပြင်ရကြောင်း၊ မည်သည့်အစိတ်အပိုင်း များက မည်မျှငွေကြေးကုန်ကျကြောင်း အသံ ကောင်းလွှင့်သည်။ သို့သော် ရက်သတ္တတစ်ပတ်ခန့် ကြာသောအခါ ဒေါ်ငယ်ငယ်ခင်တစ်ယောက် မည်သည့်တောင်းဆိုသံမျှ မကြားရတော့ဘဲ အရာထမ်းငယ်များကို ကြိုပို့လုပ်သည့် ဖယ်ရီ ကား၏ရှေ့ဆုံးခုံတွင် တက်ထိုင်ကာ ရုံးသို့လာ သည်။ ဒေါ်ငယ်ငယ်ခင်ထိုင်သောခုံမှာ နှစ်ယောက် ထိုင်ခုံပေါ်တွင် တစ်ယောက်တည်းထိုင်ခြင်းဖြစ် သည်။ ရုံးသို့ သယ်ဆောင်လာသော လက်ဆွဲ ခြင်းကို အများနည်းတူ ပေါင်ပေါ်တင်မထားဘဲ အခြားဝန်ထမ်းတစ်ယောက်နေရာယူ၍ စီးနင်း လိုက်ပါနိုင်သောနေရာတွင် လက်ဆွဲခြင်းတောင်းကို နေရာချထားခြင်းဖြစ်သည်။ ဒေါ်ငယ်ငယ်ခင်၏ ဝန်ထမ်းကြို၊ ပို့ကား ပေါ်တွင် ပြုမူသောအပြုအမူကို ကျန်ဝန်ထမ်းငယ် များက ကျေနပ်ခြင်းမရှိသော်လည်း တာဝန်ရှိသူ အဆင့်ဆင့်အား သတင်းပို့ တိုင်ကြားခြင်းမပြုကြ ပေ။ အဘယ်ကြောင့်ပါနည်း။ ဒေါ်ငယ်ငယ်ခင် သည် ဌာနခွဲတစ်ခု၏ အကြီးအကဲတစ်ယောက် ဖြစ်ပြီး အမှုထမ်း၊
အရာထမ်းများ၏ ရာထူးတိုးမြှင့် ရေးကိစ္စရပ်များတွင် အမှတ်ပေးခွင့်ရှိသော အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေသောကြောင့် ဖြစ်သည်။ ဒေါ်ငယ်ငယ်ခင်၏ အပြုအမူအပေါ် ကျေနပ်မှုမရှိသော ဝန်ထမ်းငယ်က ကံသုံးပါးဖြင့် ဖော်ပြမိပါက ရာထူးတိုးစာမေးပွဲတွင် ပေးမှတ်ကို အနည်းဆုံးပေးလိုက်လျှင် နာပြီသာမှတ်ရပေ တော့မည်။ ဝန်ထမ်းလောကတွင် လုပ်ပိုင်ခွင့်ရှိသူ များက မှားယွင်းခွင့်ရှိပြီး လုပ်ပိုင်ခွင့် မရှိသူများက ခါးစည်းခံရသည့်သဘောဖြစ်သည်။
ဒေါ်ငယ်ငယ်ခင်သည် သူ့အတွက်ရသော မော်တော်ကားကို ပြုပြင်မွမ်းမံပြီး ရန်ကုန်ရွှေ မြို့တော်ရှိ သူ့မိဘအိမ်သို့ပို့လိုက်သည်။ ရန်ကုန် တွင် အငှားယာဉ်အဖြစ် ပြောင်းလဲလိုက်သည်။ ဆရာမသည် လောဘကြီးသူဖြစ်သည်။ အစိုးရ ထံမှရရှိထားသော အဆောင်အယောင်ကား ကိုရယူပြီး ရန်ကုန်တွင် နံပါတ်အနက် အငှားယာဉ် အဖြစ်အသုံးပြုသည်။ အခြားသော ယာဉ်ပိုင်ရှင် များက နေ့ပိုင်းအချိန်များကိုသာ ကိုယ်ပိုင်ယာဉ်ကို ငှားရမ်းသော် လည်း ဆရာမဒေါ်ငယ်ငယ်ခင်က တော့ ရုံးကားကို နေ့ရောညပါငှားရမ်းသည်။ သို့မှသာ ငှားရမ်းခပိုမိုရရှိမည် မဟုတ် ပါလား။ ထို့ပြင် ဒေါ်ငယ်ငယ်ခင်၏အမျိုးသားသည် ဝန်ကြီးဌာနအောက်ရှိ အခြားသော ဦးစီးဌာနမှ အရာထမ်းတစ်ဦး ဖြစ်သည်။ ဒေါ်ငယ်ငယ်ခင်နှင့် သူ့ခင်ပွန်းတို့သည် ဝန်ကြီးဌာနတစ်ခုတည်းတွင် တာဝန်ထမ်းဆောင်ကြသော်လည်း ဦးစီးဌာန မတူပေ။ ဒေါ်ငယ်ငယ်ခင် လက်ရှိနေထိုင်နေသော နိုင်ငံတော်ပိုင်တိုက်ခန်းမှာ သူ့အမျိုးသားအရာ ထမ်းနာမည်ဖြင့် နေထိုင်ခွင့်ချထားပေးသော တိုက်ခန်းဖြစ်သောကြောင့် ဒေါ်ငယ်ငယ်ခင်က သူ့အတွက် သီးခြားတိုက်ခန်းတစ်ခန်းကို ဦးစီး ဌာနသို့ တင်ပြလျှောက်ထားခဲ့သည်။ ထိုအခါ နေအိမ်တိုက်ခန်းလျှောက်ထားမှုအပေါ် တာဝန် ရှိသူအကြီးအကဲက ခေါ်ယူဖျောင်းဖျခဲ့ရပေသည်။ နေပြည်တော်သို့ ဝန်ကြီးဌာနများ ပြောင်း ရွှေ့တာဝန် ထမ်းဆောင်ခါစက ရန်ကုန်မြို့တွင် အခြေချနေထိုင်သော ရန်ကုန်သူ၊ ရန်ကုန်သား ဝန်ထမ်းများက ပြီးပြည့်စုံခြင်း မရှိသေးသော နေပြည်တော်ဆိုသောအရပ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုခြင်းမရှိကြပေ။ နေပြည်တော်တွင် ဝန်ထမ်းများအတွက် တည်ဆောက်ထားသော ဝန်ထမ်းအိမ်ရာများမှာပင် နေရာလွတ်၊ အခန်း လွတ်များ များစွာရှိနေသည်။ သို့ရာတွင် ထိုအခြေ အနေကို နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ ဘွဲ့ရလူငယ်များက ဝင်ရောက်နေရာယူကာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ဖြစ်ရာ ယခုအခါ နေပြည်တော်ရှိ အစိုးရဝန်ကြီးဌာနအသီးသီးတွင် ဝန်ထမ်းများကို ခန့်ထားနိုင်သည့် အရေအတွက် ထက် ပို၍ခန့်ထားနိုင်ခဲ့ကြပြီဖြစ်ပြီး ဝန်ကြီးဌာန ဖွဲ့စည်းပုံအရ တည်ဆောက်ထားသော အိမ်ရာ တိုက်ခန်းနေစရာများမှာလည်း နေရာလွတ်မရှိ တော့ပေ။ ထိုအခြေအနေကို ဦးစီးဌာနအကြီး အကဲက ဒေါ်ငယ်ငယ်ခင်အား ပျော့ပျောင်းညွတ် နူးစွာ ရှင်းလင်းပြောပြခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် အကြီးအကဲသည် ဒေါ်ငယ်ငယ်ခင်၏ အတ္တစိတ်ကို ခရေစေ့တွင်းကျ သိရှိထားသူဖြစ် သောကြောင့်ပင်။
တကယ်တမ်းတော့ ဂျပန်နိုင်ငံမှ ဘွဲ့လွန် ဒီဂရီကိုရယူ ဆွတ်ခူးနိုင်ခဲ့သော ဒေါ်ငယ်ငယ်ခင်၏ ဥာဏ်ရည်ဥာဏ်သွေးမှာ နည်းနည်းနောနော မဟုတ်ပေ။ သူသင်ယူခဲ့သော ပညာနှင့် သူလေ့လာတတ်မြောက်ထားသော အသိတရား များမှာ နည်းနည်းနောနော မဟုတ်ပေ။ ဝန်ကြီး ဌာန၏ တိုးတက်ရာတိုးတက်ကြောင်းတွင် ပူးပေါင်းပါဝင်လုပ်ဆောင်ရမည့် အကြောင်း အရာများကို ဒေါ်ငယ်ငယ်ခင်တစ်ယောက် တတ်ကျွမ်းမှုရှိသော်လည်း သူသည် သက်သာသလို နေလိုသော အရာထမ်းတစ်ဦးဖြစ်ပြီး အလုပ်နှင့် ပတ်သက်လျှင် ပြီးစလွယ်၊ ဖြစ်ကတတ်ဆန်း လုပ်ကိုင်ဆောင်ရွက်တတ်သူတစ်ဦးအဖြစ် နာမည် ဆိုးနှင့် ကျော်ကြားလေသည်။ သို့သော်လည်း ရစရာအခွင့်အရေးမှန်သမျှကိုတော့ လက်ကုန် နှိုက်တတ်သော အရာထမ်းဆိုးတစ်ယောက် အဖြစ် ဝန်ကြီးဌာနတွင် နာမည်ပျက်ဖြင့်ကျော်ကြား ခဲ့ပြီး ဌာနသစ်ဖွဲ့စည်းတိုင်း "ပစ်ဖဲ" အဖြစ် ဒေါ်ငယ်ငယ်ခင်ကို ပြောင်းရွှေ့ပေးခဲ့ကြသည်။ ဘဏ္ဍာနှစ်တစ်နှစ်အသစ်စတိုင်း ခွင့်ပြုငွေနှင့် ရုံးအသုံး အဆောင်များဝယ်ယူပြီးပါက ဆရာမ ဒေါ်ငယ်ငယ်ခင်သည် သူ့ကွန်ပျူတာအဟောင်းကို အသစ်ရသည့် ကွန်ပျူတာဖြင့် လဲလှယ်အသုံး ပြုသည်။ ချွတ်ယွင်းအားနည်းချက်များရှိနေ သော ကွန်ပျူတာအဟောင်းကို အောက်ခြေတွင် ရုံးလုပ်ငန်းများ ဇယ်ဆက်သလို လုပ်နေရသော ဝန်ထမ်းငယ်များထံ ပေးပို့လုပ်ကိုင်စေသည်။ သို့ဆိုလျှင် ဒေါ်ငယ်ငယ်ခင်က ကွန်ပျူတာ အသစ်ဖြင့် မည်ကဲ့သို့သော အရေးကြီးကိစ္စများ ဆောင်ရွက်သည်ဟု ထင်ပါသနည်း။ မည်သည့် အရေးကြီး ကိစ္စကိုမျှမဆောင်ရွက်ပါ။ ဆရာမသည် သူ့ရာထူးအဆင့်နှင့် မလိုက်ဖက်အောင်ပင် ကွန်ပျူတာဖြင့် "ဂိမ်း" ဆော့ကစားခြင်းကို မရပ်မနား ပြုမူလေသည်။ ထိုသို့ ဂိမ်းကစားရန် အတွက် ကွန်ပျူတာဆက်စပ်ပစ္စည်းဖြစ်သော (Mouse) မောက်စ်မကောင်းပါက ပစ္စည်းထုတ် ပေးသောဌာနတွင် အသစ်တစ်ခု ထပ်မံတောင်းခံ သည်။ ဘာအလုပ်မှ မည်မည်ရရ မလုပ်သော ဆရာမ၏နှုတ်ကို ကြောက်ရွံ့သောအားဖြင့် အသစ်တစ်ခုကို ထုတ်ပေးရသည်သာ။
ယခုတော့ ဒေါ်ငယ်ငယ်ခင်သည် ဂိမ်းကစား ရတာကို ငြီးငွေ့၍လားမသိ ဝန်ထမ်းဖွဲ့စည်းပုံတွင် လစ်လပ်ခြင်းမရှိတော့သော ဦးစီးဌာနကြီးသို့ ဝန်ထမ်းအသစ်များကို စုဆောင်းထည့်သွင်းလာ ခဲ့ပြန်သည်။ ထိုဝန်ထမ်းများကို လစာငွေပေးရန် ဘတ်ဂျက်လည်းမရှိပေ။ လုပ်အားပေးဆိုသည့် အလုပ်ကို အစိုးရက မည်သည့်ထောက်ပံ့ကြေးမျှ မပေးပေ။ သို့သော် လုပ်အားပေးဝန်ထမ်း သုံး ယောက်ကို မည်ကဲ့သို့သော မြှူဆွယ်ဖြားယောင်း မှုများဖြင့် သိမ်းသွင်းခေါ်ဆောင်ခဲ့သည်မသိ။ အဆိုပါ လုပ်အားပေးဆိုသော ကလေးမကလေး များကရောဝန်ထမ်းအဖွဲ့အစည်းကြီး၏အခြေအနေ ကိုသိပါ၏လော။ သူတို့ကို ခန့်အပ်ရန် နေရာလွတ် မရှိခြင်း၊ ပေးအပ်ရန် လစာငွေမရှိခြင်းတို့ကို သိရှိလျှင် သူတို့သည် ဆက်လက်လုပ်အားပေး လိုပါဦးမည်လော။
မည်သို့ပင်ဆိုစေကာမူ လတ်တလောအခြေ အနေမှာတော့ ဒေါ်ငယ်ငယ်ခင်သည် ဝန်ထမ်း ကြိုပို့ကားပေါ်မှဆင်းလာလျှင် ဆရာမ၏လက်ဆွဲ ခြင်းကိုဆွဲပေးမည့်သူ တစ်ယောက်၊ တိုလီမိုလီ အိတ်ကို ဆွဲပေးသူတစ်ယောက်ဖြင့် ဟန်ကျနေပေ တော့သည်။ ထမင်းစားမည်ဆိုပါက လုပ်အားပေး ဝန်ထမ်း အမျိုးသမီးငယ်သုံးယောက်၏ ဟင်းချိုင့် ခြောက်ချိုင့်က ဒေါ်ငယ်ငယ်ခင်၏ ထမင်းစားစားပွဲ ပေါ်တွင် အဆင်သင့်။
ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်ဟု ဆိုကြသည်။ တိုင်းပြည် ဘယ်တော့ကောင်းမည် နည်း။

















