အီဘိုလာရောဂါ ဖြစ်ပွားနေသည့် ကွန်ဂိုနိုင်ငံတွင် ရောဂါကြောင့် သေဆုံးသူ ၈၄၀ ကျော် ရှိလာချိန်တွင် အီဘိုလာရောဂါ ထိန်းချုပ်ရေးဗဟိုဌာနဆေးရုံတစ်ခုသို့ ဒေသခံအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်၍ ဆရာဝန်တစ်ဦးသေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
ဧပြီ ၁၉ ရက်၌ ကွန်ဂိုအရှေ့ပိုင်းဘူတမ်ဘိုမြို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ မိမိတို့ ရက်စက်ကြမ်းကြုတ်စွာ ရမ်းကားခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အက်ဟာနွမ် ဂီဘရီယီဆပ်က ပြောသည်။
အီဘိုလာဖြစ်ပွားမှုသမိုင်းတွင် ဒုတိယလူသေမှုအများဆုံးဖြစ်သည့် ကွန်ဂိုတွင် နိုင်ငံတကာကျန်းမာရေးဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက်မှုများ တိုးမြင့်ဖြစ်ပွားနေသည်။
ဆရာဝန်တစ်ဦးသေဆုံးသည့်အပြင် ကွန်ဂိုကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ သေဆုံးဆရာဝန်သည် ကင်မရွန်းမှဖြစ်ကြောင်း၊ တိုက်ခိုက်သူများသည် ဒေသခံစစ်သွေးကြွအုပ်စုတစ်ခုဖြစ်ကြောင်း ဘူတမ်ဘို ဒုတိယမြို့တော်ဝန် ပက်ထရစ်ကမ်ဘလီစီကိုက ပြောဆိုသည်။
တိုက်ခိုက်သူများသည် ပြည်ပကျန်းမာရေးဝန်ထမ်း အဖွဲ့အားလုံးကို မောင်းထုတ်လိုကြောင်း၊ ဘူတမ်ဘိုတွင် ယခင်ကအီဘိုလာရောဂါမရှိဘဲ နိုင်ငံခြားသားများကြောင့်သာ အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု လွဲမှားစွာယူဆကြ၍ဖြစ်ကြောင်းလည်း ၄င်းက ရှင်းပြခဲ့သည်။
ကွန်ဂိုအရှေ့ပိုင်းတွင် ဒါဇင်ချီသောသူပုန်အုပ်စုများလှုပ်ရှားလျက်ရှိပြီး ၄င်းတို့အပြင် ဒေသခံအချို့ကလည်း နိုင်ငံတကာ ကျန်းမာရေးဝန်ထမ်းများ၏ အီဘိုလာထိန်းချုပ်ရေးကြိုးပမ်းမှုကို အထိတ်တလန့်ဖြစ်ပြီး လက်မခံလိုကြပေ။
အီဘိုလာရောဂါသည် လျင်မြန်စွာပြန့်ပွားနိုင်ပြီး သေဆုံးမှုနှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ရှိသည်။အီဘိုလာဖြစ်ပွားဇုန်သို့ သမ္မတဖီးလစ်ရှီဆီကဲဒီ သွားရောက်လေ့လာပြီး သုံးရက်အကြာတွင် ကျန်းမာရေးလုပ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
၄င်းက ကျန်းမာရေးလုပ်သားများကို ကာကွယ်ပေးရန် ရဲနှင့်စစ်တပ်များ ပိုမိုချထားပေးရန် ကတိပြုခဲ့ပြီး ဒေသခံများက ပူးပေါင်းပေးရန်လည်း တောင်းဆိုခဲ့သည်။
ကွန်ဂိုတွင် အီဘိုလာဖြစ်ပွားမှုကို သုံးလအတွင်းထိန်းချုပ်ရန် သမ္မတက မျှော်လင့်ပြီး ထို့ထက်ပိုမို ကြာရှည်နိုင်ခြေ ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် ကွန်ဂို၌ အီဘိုလာရောဂါ ဖြစ်ပွားနေကြောင်း ကြေညာခဲ့ပြီးနောက် လူ ၁၃၀ဝ ကျော် ရောဂါကူးစက်ခဲ့ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းအနက် ၈၄၃ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ လူ ၁၀၂၀ဝ၀ ကျော်ကို စမ်းသပ်စစ်ဆေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းလည်း သိရသည်။

















