ဘင်္ဂလားဒေ့ရှ်၌ လိင်မှုစော်ကားခံကျောင်းသူ မီးရှို့အသတ်ခံရမှုကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်၌ လိင်မှုစော်ကားခံကျောင်းသူ မီးရှို့အသတ်ခံရမှုကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လိင်ပိုင်းစော်ကားခံရကြောင်း ရဲသို့တိုင်ကြားခဲ့သည့် ၁၈ နှစ်ရွယ် ကျောင်းသူတစ်ဦး မီးရှို့သတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဖီနီမြို့မှ အစ္စလာမ္မစ်ဘာသာရေးကျောင်းသူ နျူဆရတ်ဂျာဟန်ရာဖီက ၄င်းသည် ကျောင်းတွင် လိ်င်မှုစော်ကားခံရကြောင်း မတ်လအတွင်း ရဲဌာနသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဧပြီ ၆ ရက်တွင် ၄င်းအား သတ်ဖြတ်လိုသူများက ဘာသာရေးကျောင်းခေါင်မိုးပေါ် ဖြားယောင်းခေါ်ဆောင်သွားပြီး အမှုပိတ်ပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ ၄င်းက အမှုရုပ်သိမ်းပေးရန် ငြင်းဆန်သည့်အတွက် ထိုနေရာတွင်ပင် လည်စီးပုဝါဖြင့် ချည်နှောင်ပြီး မီးရှို့ခံရခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြခဲ့သည်။

ဖြစ်စဉ်တွင် ရာဖီသည် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေသည့်အသွင် ဖြစ်အောင် သတ်ဖြတ်သူများက ကြိုးပမ်းခဲ့သော်လည်း ၄င်းသည် မီးလောင်လျက်နှင့် အောက်ထပ်သို့ပြေးဆင်းလာနိုင်ခဲ့ပြီး ဆေးရုံသို့အသွား လူနာတင်ယာဉ်ပေါ်တွင် မောင်ဖြစ်သူကို ဖြစ်စဉ်အား ပြောပြနိုင်ခဲ့ကြောင်း၊ မောင်ဖြစ်သူလည်း ရာဖီ့ပြောဆိုချက်ကို မိုဘိုင်းဖုန်းဖြင့် အသံဖမ်းထားနိုင်ခဲ့သည်။

ရာဖီသည် ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းခံခဲ့ရ၍ ဆေးရုံရောက်ပြီး လေးရက်အကြာတွင် သေဆုံးခဲ့သည်။

ရာဖီက မတ် ၂၇ ရက်၌ မြို့နယ်ရဲတပ်ဖွဲ့သို့ လိင်မှုစော်ကားခံရမှု သွားရောက် တိုင်ကြားစဉ် အရေးမကြီးသည့်ကိစ္စဟု ရဲမှူးကပြောဆိုခဲ့ပုံ ဗွီဒီယိုမှတ်တမ်းတစ်ခုလည်းထွက်ပေါ်လာခဲ့ပြီးနောက် ယင်းရဲမှူးသည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ယင်းဖြစ်ရပ်ကြောင့် လူဦးရေသန်း ၁၆၀ ရှိ နိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် မမျှမတဆက်ဆံခံရမှု အတွက် စိုးရိမ်မှုများမြင့်တက်လာပြီး ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ဖီနီမြို့၌ ရာဖီ၏အသုဘသို့ ပရိသတ် ထောင်ချီ တက်ရောက်ခဲ့ပြီ းဝန်ကြီးချုပ်ရှိတ်ဟာဆီနာက အပြစ်ရှိသူများကို အပြစ်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ရာဖီအသတ်ခံရမှုအတွက် အတန်းဖော်ကျောင်းသားအချို့ အပါအဝင် လူ ၁၇ ဦးကို ဖမ်းဆီးထားကြောင်းရဲတပ်ဖွဲ့ စုံစမ်းရေးဌာနအကြီးအကဲက ပြောဆိုခဲ့သည်။

တရားမျှတမှုလိုလားသည့်ရာဖီ အသတ်ခံရခြင်းက ဘင်္ဂလားဒေ့ရှ်အစိုးရသည် လိင်မှုစော်ကားခံရသူများကိုကာကွယ်ရန် မည်မျှဆိုးရွားစွာပျက်ကွက်နေကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု အိပ်ချ်အာဒဗလျူ ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဝေဖန်ပြောဆိုခဲ့သည်။

ရှေးရိုးစွဲမွတ်စလင်အများစုရှိသည့်နိုင်ငံတွင် လူမှုရေးအရ  အမည်းစက်ထင်ခံရမည်စိုး၍ လိင်မှုစော်ကားခံရမှုနှင့် အကြမ်းဖက်ခံရမှု ကျူးလွန်ခံရသည့် အမျိုးသမီးများသည် ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းအား ရှောင်ကြဉ်လေ့ရှိသည်။