အီဂျစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်မှုများနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်

အီဂျစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်မှုများနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်

အီဂျစ်နိုင်ငံ၌ သမ္မတအက်ဘ်ဒူ ဖာတာ အယ်လ်စီစီအား ၂၀၃၀ ပြည့်နှစ်အထိ ဆက်လက်အုပ်ချုပ်ခွင့်ပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်များနှင့်ပတ်သက်၍ ဧပြီ ၂၀ ရက်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်များကို လွှတ်တော်က တစ်ညီတစ်ညွတ်တည်း အတည်ပြုပေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ခြင်းဖြစ်သည်။တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုထောက်ခံမဲပေးကြ ဟု ကိုင်ရိုမြို့လယ်ရှိ ဘီလ်ဘုတ်ကြီးတစ်ခုတွင်ရေးသားထားသည်။ ပြင်ဆင်ဖြည့်စွက်ချက်များအရ သမ္မတသက်တမ်းကို လေးနှစ်မှ ခြောက်နှစ်အထိ တိုးမြှင့်မည်ဖြစ်ပြီး သမ္မတတစ်ဦးသည် တစ်ကြိမ်သာ ပြန်လည်ရွေးကောက်ခံခွင့်ရှိနေသည်။သို့သော် စီစီကိုမူ အထူးအခွင့်အရေးပေးထားသည်။

စီစီ၏လက်ရှိသက်တမ်းကို ခြောက်နှစ်အထိ တိုးပေးရုံသာမက ၎င်းသည် ခြွင်းချက်အဖြစ် တတိယသက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် စီစီသည် ဒုတိယသက်တမ်းကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ်တွင် ရာထူးမှအနားယူရမည်ဖြစ်သည်။

ပြင်ဆင်ဖြည့်စွက်ချက်များကို လွှတ်တော်အမတ်အများစုက လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကပြောဆိုခဲ့သည်။ သို့သော် လွှတ်တော်တွင်း သမ္မတအပေါ် သစ္စာခံသူများသာရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်ရန် စီစီ ဆက်လက်အုပ်ချုပ်ခွင့်ရရှိသင့်ကြောင်း ထောက်ခံသူများကပြောဆိုခဲ့သည်။

ပြင်ဆင်ဖြည့်စွက်ချက်များအရ လွှတ်တော်တွင်း အမျိုးသမီးအမတ်ဦးရေပိုမိုပါဝင်လာမည်ဖြစ်သည်။အမတ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို အမျိုးသမီးများအတွက် လျာထားသည်။ ထို့ပြင် အောက်လွှတ်တော်လည်းရှိလာမည်ဖြစ်ကာ ဒုတိယသမ္မတတစ်ဦးသို့မဟုတ် နှစ်ဦးလည်းရှိလာမည်ဖြစ်သည်။

ထူးခြားသော ပြောင်းလဲမှုမှာ စစ်တပ်ကို နောက်ထပ်လုပ်ပိုင်ခွင့်များပေးအပ်ခြင်းဖြစ်သည်။စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အရပ်သားအုပ်ချုပ်သည့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရသည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြင်ဆင်ဖြည့်စွက်ချက်များတွင်ဖော်ပြထားသည်။