မိမိကလေးများကို နှစ်ရှည်ချုပ်နှောင် အငတ်ထားသူများ ထောင်တစ်သက်ကျ

မိမိကလေးများကို နှစ်ရှည်ချုပ်နှောင် အငတ်ထားသူများ ထောင်တစ်သက်ကျ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်ဆင်ခြေဖုံး၌ နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးသည် သားသမီး ၁၃ ဦးကို နေအိမ်တွင် ချုပ်နှောင်ထားပြီး အစာအငတ်ခံထားခဲ့မှုဖြင့် ဧပြီ ၁၉ ရက်တွင် ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရသည်။

ဒေးဗစ်နှင့် လူဝီတာပင်တို့၏ သမီးတစ်ဦးသည် အိမ်မှထွက်ပြေးပြီး အရေးပေါ်တယ်လီဖုန်းကိုဆက်ကာ အကူအညီတောင်းခဲ့ပြီးနောက် ချုပ်နှောင်ခံထားရသည့် ကလေးများနှင့်ပတ်သက်၍ လူသိရှင်ကြားဖြစ်လာခဲ့ခြင်းဖြစ်သည်။

သားသမီးများကိုပစ်ထားပြီး နှိပ်စက်ညှဉ်းပန်းမှုကျူးလွန်ခဲ့ကြောင်း မိဘနှစ်ဦးက ဖေဖော်ဝါရီတွင် ဝန်ခံခဲ့သည်။

သားသမီးများနာကျင်စေခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်း လူဝီတာပင်ကပြောဆိုခဲ့သည်။ မိဘများသည် ၎င်းတို့ကို ကာကွယ်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သည်ဟု ယုံကြည်သောကြောင့် မိဘများအား ပြစ်ဒဏ်လျှော့ပေါ့ပေးပါရန်နှင့် မိဘများ၏အပြစ်ကိုခွင့်လွှတ်ပါကြောင်း သားသမီးတစ်ဦးကပြောဆိုခဲ့သည်။

လော့စ်အန်ဂျလိစ်အရှေ့တောင်ဘက် ၉၆ ကီလိုမီတာအကွာရှိ အခင်းဖြစ်ပွားရာနေအိမ်၏အိမ်နီးချင်းများက ကလေးများ အပြင်ထွက်ဆော့ကစားသည်ကိုမမြင်တွေ့ခဲ့သော်လည်း သံသယမဝင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

သို့သော် နေအိမ်သို့ရောက်ရှိလာသောရဲတပ်ဖွဲ့ဝင်များသည် အသက် ၂၂ နှစ်အရွယ် သားယောကျာ်းလးတစ်ဦးကို အိမ်ရာတွင် သံကြိုးဖြင့် ချည်နှောင်ခံထားရသည်ကိုတွေ့ရှိခဲ့သည်။

သမီးနှစ်ဦး ခြေကျင်းဖြင့် ချုပ်နှောင်ခံထားရသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။အသက် နှစ်နှစ်မှ ၂၉ နှစ်ကြား အရွယ်ရှိ သားသမီးများသည် အာဟာရပြတ်လပ်နေပြီး ရေမချိုးရသည်မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ တစ်အိမ်လုံးတွင်လည်း လူ့မစင်များ နေရာအနှံ့ရှိနေသည်။

မိဘစကားနားမထောင်ပါက ရိုက်နှက်ခံရကြောင်း သားသမီးများကပြောဆိုခဲ့သည်။ အသက် ၅၇ နှစ်အရွယ် ဒေးဗစ်တာပင်သည် လော့ဟိမာတင်နှင့် နော်သရော့ဂရမ်မန်းကုမ္ပဏီများတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

အသက် ၅၀ နှစ်အရွယ် လူဝီတာပင်သည် ၂၀၁၁ ခုနှစ်တွင် ဒေဝါလီခံလိုကြောင်း လျှောက်ထားခဲ့သည့် အိမ်ရှင်မတစ်ဦးဖြစ်သည်။

ဆယ်ကျော်သက်အရွယ် သမီးတစ်ဦးသည် ပြတင်းပေါက်မှ ခုန်ချပြီး လွတ်မြောက်ခဲ့သည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ ရေချိုးခွင့်ရရှိခဲ့ကြောင်း သားသမီးများက ထွက်ဆိုခဲ့သည်။ ထို့ပြင် တစ်ရက်လျှင် တစ်ကြိမ်သာ အစာစားရကြောင်းလည်း ကလေးများက ထွက်ဆိုခဲ့သည်။

တာပင်ဇနီးမောင်နှံသည် ကလေးများကို နေအိမ်တွင်သာ ပညာသင်ကြားပေးလိုကြောင်း ပြည်နယ်အစိုးရကိုလျှောက်ထားခဲ့သော်လည်း များစွာသင်ကြားပေးခြင်းမပြုခဲ့ချေ။ သမီးအကြီးဆုံးသည် မူလတန်းပညာရေးပင် ပြီးမြောက်ခြင်းမရှိခဲ့ချေ။

ကျောင်းပင်မတက်ခဲ့ရကြောင်း၊ ပထမတန်းပင်မပြီးဆုံးခဲ့ကြောင်း အသက် ၁၇ နှစ်အရွယ် သားဖြစ်သူက ထွက်ဆိုခဲ့သည်။