ထရမ့်၏ညှိနှိုင်းရေးမှူးအစားထိုးရန် မြောက်ကိုရီးယားတောင်းဆိုချက်ကို မိုက်ပွမ်ပီယိုပယ်ချ

ထရမ့်၏ညှိနှိုင်းရေးမှူးအစားထိုးရန် မြောက်ကိုရီးယားတောင်းဆိုချက်ကို မိုက်ပွမ်ပီယိုပယ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် နိုင်ငံရေးခြားရေးဝန်ကြီးမိုက်ပွမ်ပီယိုအား တာဝန်ပေးထားခြင်းကို လူစားထိုးပေးရန် မြောက်ကိုရီးယား၏တောင်းဆိုချက်အား မိုက်ပွမ်ပီယိုက ပယ်ချလိုက်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့နှင့်တွေ့ဆုံ၍ မြောက်ကိုရီးယားအပေါ် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းများ ဖျက်သိမ်းမှုမပြုမခြင်း ပိတ်ဆို့မှုများနှင့် ဆက်လက်ဖိအားပေးရန် ကတိပြုရင်း မြောက်ကိုရီးယား၏ ဆန္ဒကို ပွမ်ပီယိုက ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ပွမ်ပီယိုသည် ဝါရှင်တန်၌ အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှန်နာဟန်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို၊ ဂျပန်ကာကွယ်ရေးဝန်ကြီး တာကဲရှီအီဝါယာတို့နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မည်သည့်အပြောင်းအလဲမျှမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း၊ မိမိသည် စေ့စပ်ရေးအဖွဲ့အကြီးအကဲ ဖြစ်ဆဲဖြစ်ကြောင်း၊ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် စတီဖင်ဘီဂွန်လည်း ၄င်းရာထူးနေရာတွက် ဆက်ရှိဆဲဖြစ်ကြောင်း ပွမ်ပီယိုက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပွမ်ပီယိုက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အနေအထားအပေါ် မဟုတ်မဟတ်ပြောဆိုခဲ့ကြောင်း ဝေဖန်ပြစ်တင်မှုနှင့်အတူ မြောက်ကိုရီးယားသည် ဧပြီ ၁၈ ရက်က နည်းဗျူဟာအဆင့် တာတိုပစ်လက်နက်သစ်တစ်မျိုး စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ပွမ်ပီယို၊ ရှန်နာဟန်၊ ကိုနိုနှင့် အီဝါယာအားလုံးတို့က မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုများ လျှော့ပေါ့ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။

မြောက်ကိုရီးယား၏အနေအထားနှင့် လိုက်လျောညီထွေဖြစ်အောင် ခက်ခဲစွာ တုံ့ပြန်ရမည့်အချိန်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့်အပတ်၌ သမ္မတထရမ့်ထံ လာရောက် တွေ့ဆုံမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကိုနိုက ဧပြီ ၁၉ ရက် ဝါရှင်တန်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။သမ္မတထရမ့်သည်လည်း မကြာမီ ဂျပန်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။