တရုတ်အစိုးရကုမ္ပဏီများ ပါဝင်သည့် ဒေါ်လာဘီလျံချီကုန်ကျမည့် ဒုတိယမြောက် တရုတ်အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကိုလည်း ပြန်လည်ဖော်ဆောင်မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ပြောဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် လာမည့်အပတ်၌ တရုတ်သို့သွားရောက်၍ ဒုတိယအကြိမ် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် (ဘီအင်န်အာရ်)ညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ဘီအင်န်အာရ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်သည့် ရင်းဂစ် ဘီလျံ ၁၄၀(အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၈ ဘီလျံ)တန် ဘန်ဒါမလေးရှား စီမံကိန်းကို မလေးအစိုးရဖွဲ့က ပြန်လည်ဖော်ဆောင်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။
တရုတ်နောက်ခံပြု ရထားလမ်းစီမံကိန်းကြီးတစ်ခုကို ကုန်ကျငွေ သုံးပုံတစ်ပုံလျှော့ချ၍ ရင်းဂစ် ၄၄ ဘီလျံ(ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံ)ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက် တရုတ်စီမံကိန်းကို မလေးအစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
စီမံကိန်းနှစ်ခုစလုံးသည် မလေးနှင့်တရုတ်စီးပွားရေးချည်နှောင်မှုနှင့် စီးပွားရေးတန်ဘိုး တိုးတက်စေမည်ဖြစ်ကြောင်းလည်း မဟာသီယာက ပြောဆိုခဲ့သည်။
အိမ်မြေနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပါဝင်သည့် ဘန်ဒါမလေးရှားစီမံကိန်း ၄၀ ရာခိုင်နှုန်းကို မလေးအစိုးရက ပိုင်ဆိုင်မည်ဖြစ်ပြီး မလေးကုမ္ပဏီများနှင့် တရုတ်ရထားလမ်းအင်ဂျင်နီယာကော်ပိုရေးရှင်းလည်း ပါဝင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ဧက ၅၀ဝ(၂၀၂ ဟက်တာ)ပေါ်တွင် ဖော်ဆောင်မည့်စီမံကိန်းက မြို့ပြဖွံ့ဖြိုးရေးနှင့် ကမ္ဘာလုံးဆိုင် ဘဏ္ဍာရေး၊ နည်းပညာနှင့် စွန့်ဦးလုပ်ငန်းရှင်များကို ဆွဲဆောင်မည့်အချက်အချာ ဖြစ်လာစေရန် ရည်မှန်းသည်။
ယခင်မလေးရှားအစိုးရလက်ထက် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဘန်ဒါမလေးရှားစီမံကိန်းကို ကြွေးမြီပြဿနာများကြောင့် ၂၀၁၇ ခုနှစ် မေလက ဆိုင်းငံ့ထားခဲ့သည်။
ယင်းကြွေးမြီအပါအဝင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အရှုပ်တော်ပုံကြောင့် ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ပြုတ်ကျခဲ့ပြီး ယခုအခါ အကျင့်ပျက်မှုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည်။

















