စပိန်ရှိ မြောက်ကိုရီးယားသံရုံး တိုက်ခိုက်ခံရမှုအတွက် အမေရိကန်ကမ်းတက်စစ်သည်ဟောင်းတစ်ဦးဖမ်းဆီးခံရ

စပိန်ရှိ မြောက်ကိုရီးယားသံရုံး တိုက်ခိုက်ခံရမှုအတွက် အမေရိကန်ကမ်းတက်စစ်သည်ဟောင်းတစ်ဦးဖမ်းဆီးခံရ

စပိန်နိုင်ငံမက်ဒရစ်မြို့ရှိ မြောက်ကိုရီးယားသံရုံးကို ဖေဖော်ဝါရီလအတွင်းက တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း သံသယဖြင့် အမေရိကန်ကမ်းတပ်(မရင်းတပ်)စစ်သည်ဟောင်းတစ်ဦး လော့စ်အိန်ဂျယ်လိစ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ခရစ္စတိုဖာအန်ဆိုသူ စစ်သည်ဟောင်းကို ဧပြီ ၁၉ ရက်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် သံရုံးစီးနင်းမှု၌ မည်သို့ပါဝင်ကြောင်း ကွဲကွဲပြားပြား မသိရသေးပေ။

ဧပြီ ၁၈ ရက်ကလည်း အက်ဖ်ဘီအိုင်အေးဂျင့်များသည် သံရုံးစီးနင်းမှု၌ ပတ်သက်သည်ဆိုသည့် ဖရီးဂျိုဆွန်အုပ်စု၏ ခေါင်းဆောင် အဒရီယန်ဟောင်၏တိုက်ခန်းကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ သို့သော် ဟောင်ကိုဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရသည်။

ချီအိုလီမာအရပ်ဘက်ကာကွယ်ရေးအုပ်စုဟုလည်း လူသိများသည့် ဖရီးဂျိုဆွန်အုပ်စုသည် မြောက်ကိုရီးယား ပြည်ပြေးများကို ကာကွယ်ရန်နှင့် လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကို ဆန့်ကျင်ရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အုပ်စုတစ်ခုဖြစ်သည်။

ယင်းအုပ်စု၏ရှေ့နေ လီဝိုလိုစကီက မြောက်ကိုရီးယားအစိုးရ၏တိုင်တန်းမှုကြောင့် အမေရိကန်တရားရေးဌာနက အမေရိကန်နိုင်ငံသားတစ်ဦးကို နှိပ်ကွပ်ရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် တုန်လှုပ်မိကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၌ နောက်ဆုံးဖမ်းဆီးခံခဲ့ရသည့် နောက်ဆုံးအမေရိကန်နိုင်ငံသားသည် နှိပ်စက်ညှင်းပန်းခံခဲ့ရပြီး အမေရိကန်ပြန်ရောက်ချိန်တွင် အသက်မရှင်နိုင်ခဲ့ကြောင်း ၂၀၁၇ ခုနှစ်က သေဆုံးခဲ့သည့် ကောလိပ်ကျောင်းသား အော်တိုဝမ်ဘီယာ၏အဖြစ်ကိုလည်း ရည်ညွန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် မက်ဒရစ်မှ မြောက်ကိုရီးယားသံရုံးစီးနင်းခံရမှုအတွက် စပိန်အစိုးရက အဒရီယန်ဟောင်နှင့် အခြားသံသယရှိသူများကိုအလိုရှိကြောင်း နိုင်ငံတကာဝရမ်းတစ်ခု ထုတ်ပြန်ထားသည်။ စီးနင်းသူများသည် မြောက်ကိုရီးယားသံမှူး ဆိုယွန်ဆုတ်ကို ထွက်ပြေးခိုလှုံရန် တိုက်တွန်းခဲ့ပြီးနောက် သံရုံးမှ ကွန်ပျူတာများ၊ ဟာ့ဒစ်များနှင့် ဖိုင်များကို ရယူလွတ်မြောက်သွားခဲ့သည်။

ယင်းအဖြစ်ကို စပိန်အစိုးရက လျှို့ဝှက်ထားခဲ့ပြီး ဧပြီလတွင် စပိန်တရားရုံးတစ်ရုံးက လျှို့ဝှက်မှုကို ပယ်ဖျက်စေခဲ့ရာမှ လူသိများလာခြင်းဖြစ်သည်။

ဟောင်သည် ဖေဖော်ဝါရီ ၂၃ ရက်၌ အမေရိကန်သို့ ထွက်ပြေးခဲ့ပြီး အမေရိကန် ပြည်တွင်းဗဟိုထောက်လှမ်းရေး (အက်ဖ်ဘီအိုင်)နှင့် တွေ့ဆုံကာ ရရှိလာသည့်ဖိုင်များကိုပေးအပ်ရန် ကမ်းလှမ်းခဲ့ကြောင်း စပိန်ဘက်မှ ထုတ်ပြန်ထားသည်။

အက်ဖ်ဘီအိုင်က ယင်းကိစ္စနှင့်ပတ်သက်၍ ဌာန၏မူဝါဒအရ အတည်ပြုခြင်း ငြင်းဆန်ခြင်းမပြုကြောင်း ပြောဆိုခဲ့သည်။

ဖရီးဂျိုဆွန်အုပ်စုသည် ၂၀၁၇ ခုနှစ်မတ်လတွင် ကင်ဂျုံနမ်(ကင်ဂျုံအွန်၏ ဖအေတူမအေကွဲအစ်ကို၊ ကွာလာလမ်ပူ၌ အဆိပ်ဖြင့်လုပ်ကြံခံရသူ)၏ သားကင်ဟန်ဆိုကို ထွက်ပြေးလွတ်မြောက်ရန် စီစဉ်ပေးခဲ့ကြောင်း ပြောဆိုထားသည်။