ဆာဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် ဧပြီ ၂၀ ရက်က အများကြိုက်ဝါဒီသမ္မတ အလက်ဇန်းဒါးဗူဆစ်ကို ဆန့်ကျင်ဆန္ဒပြပွဲများ တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သည်။
၄င်းအား ဆန့်ကျင်ဆန္ဒပြမှုများ လချီဖြစ်ပွားခဲ့ခြင်းကို တန်ပြန်သည့်အနေဖြင့် သမ္မတ ဗူဆစ်က ကြီးမားသည့် လူထုစည်းဝေးပွဲတစ်ရပ် ခေါ်ယူကျင်းပခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခရာများမှုတ်၍ ပိုစတာများကိုင်ဆောင်လာသည့် ဆန္ဒပြသူများသည် ဒီမိုကရေစီပိုမိုရရှိရေးနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိရေးတို့ကို တောင်းဆိုခဲ့ကြသည်။ အလားတူဆန္ဒပြပွဲများကို လွန်ခဲ့သည့်ဒီဇင်ဘာမှစ၍ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစွန်းရောက်အမျိုးသားရေးဝါဒီဟောင်းတစ်ဦးဖြစ်သည့် သမ္မတဗူဆစ်က ဆာဘီးယားကို ဥရောပသမဂ္ဂတွင်း ဝင်ရောက်လိုကြောင်း ပြောဆိုခဲ့ပြီး ၄င်းသည် သက်ဦးဆံပိုင်စနစ်ကျင့်သုံးကြောင်း အတိုက်အခံများ၏စွပ်စွဲမှုကို ပယ်ချခဲ့သည်။
ဗူဆစ်၏ နိုင်ငံရေးအင်အားပြသသည့် လူထုစည်းဝေးပွဲကို ဧပြီ ၁၉ ရက်က ဘဲလ်ဂရိတ်တွင်ကျင်းပခဲ့ရာ ၄င်းအားထောက်ခံကြသည့် ဆာဘီးယားနှင့် အိမ်နီးချင်းနိုင်ငံများမှ ထောင်ချီသော ပရိသတ်သည် ဘဲလ်ဂရိတ်သို့ ဘတ်စ်ကားများဖြင့် လာရောက်ခဲ့ကြသည်။ နိုင်ငံရေးအရကွဲပြားမှုများကို မဲပုံးထောင်၍ဖြေရှင်းကြရမည်ဖြစ်ကြောင်း ၄င်းအား ထောက်ခံသူများကို ဗူချစ်က ပြောဆိုခဲ့သည်။
ဘဲလ်ဂရိတ် ဆာဘီးယားအတိုက်အခံခေါင်းဆောင်များက လွတ်လပ်၍တရားမျှတမှုမရှိသမျှ လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
လွတ်လပ်သည့်မဲပေးစနစ်တစ်ရပ် ရရှိရေး အစိုးရထံတောင်းဆိုရန် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ အသင့်ဖြစ်နေကြောင်းလည်း အတိုက်အခံတိုု့က ပြောဆိုခဲ့သည်။
ဗူဆစ်ဆန့်ကျင်ရေး စနေဆန္ဒပြပွဲများကို အောင်ပွဲရသည့်တိုင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အတိုက်အခံလှုပ်ရှားမှုတွင် ပါဝင်သည့် အမျိုးသားသရုပ်ဆောင် ဘရာနီဆလက်ဗ် လီချစ်က ပြောဆိုခဲ့သည်။
အတိုက်အခံနိုင်ငံရေးသမားတစ်ဦးကို မျက်နှာဖုံးစွပ်လူတစ်စုက တိုက်ခိုက်ခဲ့သည့် လွန်ခဲ့သည့်နိုဝင်ဘာမှစ၍ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ နိဒါန်းပျိုးခဲ့ခြင်းဖြစ်သည်။

















