သီရိလင်္ကာ၌ ဘုရားကျောင်းနှင့်ဟိုတယ်များတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ လူ ၁၄၀ ဦးခန့်သေဆုံး

သီရိလင်္ကာ၌ ဘုရားကျောင်းနှင့်ဟိုတယ်များတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ လူ ၁၄၀ ဦးခန့်သေဆုံး

သီရိလင်္ကာနိုင်ငံ၌ အီစတာ တနင်္ဂနွေနေ့ဖြစ်သည့် ဧပြီ ၂၁ ရက်တွင် ခရစ်ယာန်ဘုရားကျောင်း သုံးကျောင်းနှင့် ဟိုတယ်သုံးခုတို့၌ ဗုံးပေါက်ကွဲမှုများကြောင့်  အနည်းဆုံး လူ ၁၄၀ ဦးခန့် သေဆုံးပြီး လူ ၅၀ဝ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

ဘုရားကျောင်းများအတွင်း ဝတ်ပြုဆုတောင်းနေသူများနှင့် ဟိုတယ်ရှိ ဧည့်သည်များသေဆုံးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။

ပေါက်ကွဲမှုနှစ်ခုကို အသေခံဗုံံးခွဲသမားများ ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦးက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စိန့်အန်ထော်နီဘုရားကျောင်းနှင့်ဟိုတယ်သုံးခုမှာ ကိုလမ်ဘိုမြို့တွင်တည်ရှိပြီး ယင်းနေရာများသို့ နိုင်ငံခြားသားခရီးသွား အဝင်အထွက်များခဲ့သည်။ ကိုလမ်ဘိုမြို့မြောက်ဘက်ရှိ ကက်သလစ်ဘာသာဝင်အများစုနေထိ်ုင်သည့် နဲဂွမ်ဘိုမြို့ရှိ စိန့်ဆီဘတ်ရှင်းဘုရားကျောင်း၊ ဘတ်တီကာလောင်မြို့ရှိ ဇီယွန်ဘုရားကျောင်းတို့၌လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် စိန့်ဆီဘတ်ရှင်းဘုရားကျောင်းခေါင်မိုးနှင့် တံခါးများ လုံးဝပျက်စီးသွားခဲ့သည်။ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သီရိလင်္ကာလုံခြုံရေးအရာရှိများကပြောဆိုခဲ့သည်။

တိုက်ခိုက်မှုများအတွက် မည်သည့်အကြမ်းဖက်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်းမပြုသေးချေ။ အိုင်အက်စ်တပ်ဖွဲ့နှင့်ပူးပေါင်းခဲ့ပြီးနောက် ပြည်တော်ပြန်လာသည့် တိုက်ခိုက်ရေးသမားများကလည်း တိုက်ခိုက်နိုင်ခြေရှိနေကြောင်း စိုးရိမ်မှုများရှိနေသည်။