ပြင်သစ်တွင် ရှပ်ဝါဆန္ဒပြပွဲများအရှိန်မြင့်တက်

ပြင်သစ်တွင် ရှပ်ဝါဆန္ဒပြပွဲများအရှိန်မြင့်တက်

ပြင်သစ်နိုင်ငံတွင် ရောင်ပြန်ရှပ်ဝါဝတ် ဆန္ဒပြပွဲများဧပြီ ၂၀ က ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကမီးလောင်ပျက်စီးသောနော်တာဒမ် ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးလောက်သာအစိုးရကအာရုံမထားဘဲ၊ နိုင်ငံတစ်ဝန်းဆင်းရဲသားလူစုကြီးအရေးကိုပါ ထည့်စဉ်းစားရန် ဆန္ဒပြသူများကတောင်းဆိုခဲ့ကြသည်။
 

မြို့တော် ပါရီတစ်ဝန်းရှပ်ဝါဆန္ဒပြသူများသည် လမ်းများပေါ်တွင် မီးရှို့ဆန္ဒပြမှုများလည်းဆင်နွှဲခဲ့ကြသည်။ ပါရီတွင်သာမက နိုင်ငံတစ်ဝန်း မြို့အများအပြားတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးအများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြစ်သော်လည်းအကြမ်းဖက်ရည်ရွယ်ချက်ဖြင့် ပါဝင်လာသည့် လူစုအချို့နှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တိုးမှုများလည်းရှိခဲ့သည်။

သီတင်းပတ် ၂၃ ပတ်ဆက်တိုက် ရှပ်ဝါဆန္ဒပြပွဲဆင်နွှဲခြင်းလည်းဖြစ်သည်။ သမ္မတဧမာနွေလ မာခရွန် အစိုးရသည် လူချမ်းသာများကိုသာမျက်နှာသာပေးနေကြောင်း၊ အလုပ်လက်မဲ့နှုန်းမြင့်မား၊ အခွန်အတုပ်ကြီးလေး၊ သုံးစွဲနိုင်အားကျဆင်းနေရသည့် လက်လုပ်လက်စားလူများစုကြီးကိုမေ့ထားကြောင်းရှပ်ဝါဆန္ဒပြသူများကထောက်ပြလျက်ရှိသည်။

ဆန္ဒပြပွဲအကြမ်းဖက်မှုများကြောင့် လူ နှစ်ရာကျော်ကိုဖမ်းဆီးခဲ့ကြောင်း  ပြင်သစ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် ပါရီတွင် နော်တာဒမ် ဘုရားကျောင်းမီးလောင်မှု အောက်မေ့ဖွယ်အခမ်းအနား ငြိမ်းချမ်းစွာချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ချီတက်သူများသည် နော်တာဒမ်  ဘုရားကျောင်းအနီးထိချီတက်ရန် အားထုတ်ခဲ့သော်လည်းရဲတပ်ဖွဲ့ကတားဆီးထားသဖြင့် လှည့်ပြန်ခဲ့ကြသည်။

ဧပြီ ၂၀ ဆန္ဒပြပွဲများထိန်းသိမ်းရန် နိုင်ငံတစ်ဝန်းရဲအင်အားခြောက်သောင်းကျော် ချထားခဲ့သည်။