လိုင်ဘေးရီးယားမှ ခိုကိုးရာမဲ့ မိန်းကလေးများအားကူညီစောင့်ရှောက်ရန် ဖွဲ့စည်းထားသည့် More Than Me ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကစောင့်ရှောက်ခံမိန်းကလေးအများအပြားကိုလိင်အမြတ်ထုတ်မှုများ ဖြစ်ပွားခဲ့သဖြင့် More Than Me ကိုထူထောင်သူသည် ရာထူးမှ နုတ်ထွက်လိုက်ရပြီဖြစ်သည်။
နုတ်ထွက်ကြောင်းကို More Than Me ထူထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သောကာတီမေလာကဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဧပြီ ၁၉ က အသိပေးခဲ့သည်။
ProPublicaသတင်းဌာနကလိင်အမြတ်ထုတ်မှုများအကြောင်းဦးဆုံးဖွင့်ချခဲ့ကာလိုင်ဘေးရီးယားအာဏာပိုင်များကပရဟိတအဖွဲ့ကိုစုံစမ်းစစ်ဆေးမှုများ ပြုခဲ့ခြင်းဖြစ်သည်။
လိုင်ဘေးရီးယားမြို့တော် မွန်ရိုးဗီးယားရှိ More Than Me ဌာနခွဲတွင် စောင့်ရှောက်ထားသောခိုကိုးရာမဲ့ မိန်းကလေးအများအပြားကိုဌာနခွဲမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် မာဆင်တို ဂျွန်ဆင်ကလိင်အမြတ်ထုတ်ခဲ့ခြင်းဖြစ်သည်။
လိင်အမြတ်ထုတ်မှုများအကြောင်းသိသိချင်း ၂၀၁၄ ဇွန်လကတည်းကအာဏာပိုင်များကိုအသိပေးအကြောင်းကြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းမစ္စ မေလာကပြောသည်။လိင်အမြတ်ထုတ်မှု ကျူးလွန်သူ ဂျွန်ဆင်ကိုလေးရက်အတွင်းရဲလက်သို့ အပ်နှံနိုင်ခဲ့သည်။
ဂျွန်ဆင်သည် အေအိုင်ဒီအက်စ် ဖြစ်ပွားနေသူဖြစ်ကာ ရုံးတင်စစ်ဆေးမှုကိုစောင့်ဆိုင်းရင်းအကျဉ်းထောင်ထဲတွင် ၂၀၁၆ ခုနှစ်က သေဆုံးခဲ့သည်။ မစ္စ မေလာ၏ More Than Me အဖွဲ့ လုပ်ငန်းများကိုအိုပရာဝင်းဖရေး၊ ဘီလ်ဂိတ်နှင့် အခြား သြဇာကြီးသူအများကချီးကျူးခဲ့ကြရသည်။
၂၀၁၄ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်းကမစ္စ မေလာကိုအီဘိုလာတိုက်ဖျက်ရေးအဓိကအားထုတ်ခဲ့သူအဖြစ် ချီးကျူးခဲ့ကာ “တစ်နှစ်တာထူးချွန်သူ” အဖြစ်လည်းဂုဏ်ပြုဖော်ပြခဲ့သည်။

















