ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ လွန်ခဲ့သော ခြောက်ရက်ကျော်အတွင်း အထင်ကရနေရာများရှိ လမ်းမများကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့သည့် ရာသီဥတုအရေးလှုပ်ရှားသူ ၇၅၀ ကျော်ကို ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မျိုးသုဉ်းပျောက်ကွယ်မှုတော်လှန်ရေး အမည်ရှိ သဘာဝပတ်ဝန်းကျင်အဖွဲ့က ကမကထပြုသည့် ဆန္ဒပြမှုများကြောင့် ဝေါတာလူးတံတားအပါအဝင် လန်ဒန်မြို့လယ်ရှိ နေရာအချို့တွင် သွားရေးလာရေး အခက်အခဲရှိခဲ့သည်။
၂၀၂၅ ခုနှစ်ရောက်ရှိချိန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလုံးဝရပ်ဆိုင်းသွားရေး ဗြိတိန်အစိုးရ အားထုတ်ကြိုးပမ်းလာရေးအတွက် အကြမ်းဖက်မှုမပါဝင်သော အာဏာဖီဆန်ရေးလုပ်ဆောင်ရန် သဘာဝပတ်ဝန်းကျင်အဖွဲ့က တိုက်တွန်းထားသည်။
အဖမ်းခံရသူများအနက် ၂၈ ဦးကို ရာဇဝတ်မှုဖြင့် အမှုဖွင့်ထားကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဆန္ဒပြမှုများကြောင့် စိတ်ပျက်စရာကောင်းလောက်အောင် တည်ငြိမ်မှုပျက်ပြားခဲ့ကြောင်း ရဲမင်းကြီး ခရက်ဆီဒါဒစ်ခ်ကပြောဆိုခဲ့သည်။လမ်းများကိုရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင် ၁၅၀ဝ ခန့်ကို တာဝန်ပေးထားကြောင်း ၎င်းကပြောဆိုခဲ့သည်။
လန်ဒန်တောင်ပိုင်းနှင့် အလယ်ပိုင်းကိုချိတ်ဆက်ထားသည့် ဝေါတာလူးတံတားပေါ်ရှိ ဆိုဖာတစ်ခုနှင့် ကောက်ရိုးပုံများကဲ့သို့ အတားအဆီးအပိတ်အပင်များကို ရှင်းလင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဆန္ဒပြလိုပါက မာဘယ်အာ့ချ် ခေါ် ၁၉ ရာစုနှစ်ကတည်ဆောက်ခဲ့သည့် ကျောက်သားဂိတ်တံခါးနားတွင်သာ ဆန္ဒပြကြရန် ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ခွင့်ပြုချက်မဲ့ဆန္ဒပြမှုများကို ရပ်ဆိုင်းပြီး မာဘယ်အာ့ချ်သို့သွားရောက်ကာ ဥပဒေနှင့်အညီဆန္ဒပြကြရန် ရဲမင်းကြီး ဒစ်ခ်ကပြောဆိုခဲ့သည်။နာမည်ကျော်သရုပ်ဆောင် အမ်မာ သွမ်ဆင်သည် ဧပြီ ၁၉ ရက်တွင် ဈေးဆိုင်များစွာတည်ရှိသော အောက်စ်ဖို့ဒ်ဆားကပ်စ်ရှိ ဆန္ဒပြသူများနှင့် သွားရောက်ပူးပေါင်းပြီး ကမ္ဘာကြီး၏ဂုဏ်ရည်များကိုဖော်ကျူးသည့် ကဗျာများကို ရွတ်ဆိုခဲ့သည်။

















