ဗီယက်နမ်စစ်ပွဲကာလဓာတုအဆိပ်သင့် လေတပ်အခြေစိုက်စခန်းအမေရိကန် ရှင်းလင်းမည်

ဗီယက်နမ်စစ်ပွဲကာလဓာတုအဆိပ်သင့် လေတပ်အခြေစိုက်စခန်းအမေရိကန် ရှင်းလင်းမည်

ဗီယက်နမ် စစ်ပွဲကာလကလိမ္မော်ရောင်အဆိပ်ဟုလူသိများသည့် ဓာတုအဆိပ်များသိုလှောင်ခဲ့သည့် အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုကိုအမေရိကန်အစိုးရကဒေါ်လာ၁၈၃  သန်းကုန်ကျခံကာသန့်ရှင်းရေးဆောင်ရွက်သွားမည်ဖြစ်သည်။

ဆယ်နှစ်ကြာအချိန်ယူရှင်းလင်းမည်ဖြစ်ပြီး၊ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသည့်  ဆယ်စုနှစ် လေးခုကျော်အကြာတွင်မှ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

ဟိုချီမင်းစီးတီးအပြင်ဘက်ရှိဘိုင်ဟောင် လေဆိပ်သည် ဗီယက်နမ်တွင် ဓာတုအဆိပ်ဓာတ်  အမြင့်ဆုံးနေရာအဖြစ် သတ်မှတ်ခံထားရသည်။ လိမ္မော်ရောင်အဆိပ်ရည်ကိုအမေရိကန်တပ်များက ဗီယက်နမ်စစ်ပွဲကာလအတွင်းသစ်တောများ၊ စိုက်ခင်းများပေါ် ကြဲပက်ကာမြောက်ဗီယက်နမ်တပ်များပုန်းခိုသည့် နေရာများကိုဖျက်ဆီးရန် အားထုတ်ခဲ့သည်။

ထိုအဆိပ်ဓာတ်သည်  သစ်ရွက်များကိုအချိန်တိုအတွင်းကြွေကျပျက်စီးကာအပင်များကိုသေဆုံးစေသလို၊ ထိုအဆိပ်ဓာတ်ထဲတွင် ပါဝင်သည့် ဒိုင်အောက်ဆင်  ဓာတ်သည်လည်းကင်ဆာဖြစ်စေသလို၊ ကလေးများ ခန္ဓာကိုယ်ချို့ယွင်းမွေးဖွားနှုန်းလည်း မြင့်တက်စေကြောင်းလက်တွေ့စစ်တမ်းများကသက်သေခံနေသည်။

လိမ္မော်ရောင်အဆိပ်ကြောင့် လူသန်းပေါင်းများစွာထိခိုက်ခဲ့ရပြီးကလေးတစ်သိန်းခွဲကျော် ခန္ဓာကိုယ်ချို့ယွင်းမွေးဖွားလာရကြောင်းဗီယက်နမ် အစိုးရကထုတ်ပြန်ထားသည်။

၁၉၆၂ မှ ၁၉၇၁  ခုနှစ်အတွင်းအမေရိကန်တို့သည်  ဗီယက်နမ်တောင်ပိုင်းတွင်  လိမ္မော်ရောင်အဆိပ်  လီတာသန်းရှစ်ဆယ်ကျော်  ကြဲပက်ခဲ့ကြသည်။

အဆိပ်ဒဏ် ခံခဲ့ရသောအမေရိကန်စစ်ပြန်များကိုအမေရိကန်အစိုးရသည် လျော်ကြေးပေးခဲ့သော်လည်းဗီယက်နမ်  နိုင်ငံသားများကိုကားမည်သည့်လျော်ကြေးမှ ပေးအပ်ခြင်းမရှိကြောင်း တွေ့ရသည်။

ဓာတုအဆိပ်များသိုလှောင်ထားသည့် ဘိုင်ဟောင် လေဆိပ်တွင် အဆိပ်ဓာတ်သည် မြေထဲစိမ့်ကာအနီးဝန်းကျင် မြစ်ချောင်းများထဲထိရောက်ရှိခဲ့သည်။ပြီးခဲ့သည့်နှစ်  နိုဝင်ဘာကဒါနန်းလေဆိပ်တွင်လည်းအလားတူအဆိပ်ဓာတ် သန့်စင်ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။

ဘိုင်ဟောင် လေဆိပ်သည်  လက်ရှိတွင်  ဒါနန်းလေဆိပ်ထက် အဆိပ်ဓာတ်  လေးဆပိုမြင့်မားနေသည်။