လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်စဉ် ဇနီးကို ဟန့်တားခြောက်လှန့်ရာမှ ဓားဖြင့်ထိုးသတ်မိခဲ့သည်ဆိုမှု ရွှေကူမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့က အမှုမှတရားခံကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ဧပြီ ၂၀ ရက်တွင် ရွှေကူမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် ည ၁၀ နာရီခန့်တွင် ရွှေကူမြို့နယ် ပူခိုင်ကျေးရွာနေ ကိုအောင်---- သည် ယာခင်းတဲအတွင်း ချည်နှောင်ထားသည့် နွားများကို ကြည့်ရှုပြီးနေအိမ်သို့ ပြန်လာခဲ့သည်။
ထိုသို့ပြန်လာစဉ် မွေးစားဖခင် ဦး----နှင့် မိခင်ဒေါ်----တို့ ယာခင်းတဲဘက်သို့ ထွက်သွားသည်ကို ၎င်းက မြင်တွေ့ခဲ့သည်။ခဏအကြာ ဖခင်က ဓားနှင့်ထိုးကြောင်း မိခင်ဖြစ်သူက အော်ဟစ် အကူညီတောင်းသဖြင့် သွားရောက်ကြည့်ရှုရာ ဖခင်ဖြစ်သူသည် ဓားမြှောင်ကိုင်လျက် မတ်တပ်ရပ်နေသည်ကိုတွေ့ရပြီး မိခင်ဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် နေအိမ်အပေါက်ဝတွင် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။
ပတ်ဝန်းကျင်မှလူများနှင့် ကျေးရွာရာအိမ်မှူးတို့ရောက်လာပြီး သက်ဆိုင်ရာသို့ဆက်သွယ် သတင်းပို့ ခဲ့စဉ် မိခင်ဖြစ်သူသည် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် ဖခင်ဖြစ်သူကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
ရွှေကူမြို့မရဲစခန်းက(ပ)၄၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ ဦး----(၆၂ နှစ်)ကို အမှုဖွင့်အရေးယူခဲ့သည်။
ရွှေကူမြို့မရဲစခန်းမှူး ဒုရဲမှူးဟန်မွှေးနှင့်အဖွဲ့က ပြစ်မှုကျူးလွန်သူကို စစ်ဆေးချက်အရ လွန်ခဲ့သော ၁၀ ရက်ခန့်က ထီးဆောင်းကျေးရွာတွင် ပြစ်မှုကျူးလွန်သူ၏မျက်စိရောဂါဝေဒနာကို သွားရောက်ကုသစဉ် ဇနီးဖြစ်သူလည်းပါရှိခဲ့ကြောင်း၊ထိုသို့အတူရှိနေစဉ် ညတစ်ညတွင် ဇနီးဖြစ်သူကို မုန့်သွားဝယ်ခိုင်းခဲ့ရာ အချိန်ကြာမြင့်သဖြင့်နောက်မှ လိုက်ပါကြည့်ရှုရာ အရပ်ရှည်ရှည် အမျိုးသားတစ်ဦးနှင့် နဂါးရုံဘုရားအနီး နမ်းနေသည်ကို မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါအကြောင်းနှင့်ပတ်သက်၍ ထိုသို့မပြုမူရန် ဇနီးဖြစ်သူကို ပြောဆိုရာ သက်သေပြနိုင်လို့လားဟု ငြင်းဆန်ပြောဆိုခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ၏ရဲထံထွက်ဆိုချက်အရ သိရသည်။
နေထိုင်ရာကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် လင်မယားနှစ်ယောက် တစ်ယောက်တစ်နေရာစီ အိပ်ခဲ့ကြောင်းကျူးလွန်သူက သက်ဆိုင်ရာထံ၌ ထွက်ဆိုသည်။
သင်္ကြန်ကာလအတွင်း ဇနီးဖြစ်သူက တရားစခန်း ၇ ရက်ခန့် ဝင်ရောက်ခဲ့ပြီး နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ အခင်းဖြစ်နေ့က ၄င်းမှာလည်း အရက်အနည်းငယ်သောက်ထားပြီး ဇနီးဖြစ်သူက အပြင်သွားရန် ပြောဆိုစဉ် ၄င်းက တားမြစ်ခဲ့ကြောင်း သက်ဆိုင်ရာထံ ထွက်ဆိုသည်။
ထိုသို့တားမြစ်စဉ် ဇနီးဖြစ်သူက နေအိမ်မှ ဝါးရင်းတုတ်ဖြင့်၄င်း၏ ရင်ဘက်နှင့် လက်မောင်းတို့ကို နှစ်ချက်ခန့်ရိုက်နှက်ခဲ့ကြောင်း၊ မင်းလိုမျက်လုံးကန်းတဲ့ ကောင် မသုံးတော့ဘူးဟု ပြောဆိုကာ ထပ်မံရိုက်နှက်စဉ် ၄င်းလွယ်နေကျဖြစ်သည့် လွယ်အိတ်အတွင်းမှ လေးခွဟု ထင်သည့် အရာကို ထုတ်ကာဟန့်တား ခြောက်လှန်သည့် အနေဖြင့် ဇနီးဖြစ်သူကို ထိုးခဲ့ကြောင်း၊ ရင်ဘက်ကိုထိုးမိစဉ် ဇနီးဖြစ်သူက ဓားဖြင့်ထိုးကြောင်း မွေးစားသား ဖြစ်သူ ကိုအောင်---ကို အော်ဟစ်ပြောဆိုကာ လဲကျသွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ဆက်လက် အရေးယူထားပြီး တရားစွဲဆိုတင် ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

















