ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကျူးလွန်သူက သွားရောက်အဖမ်းခံမှု ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဧပြီ ၂၁ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီမိနစ် ၂၀ ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့ နယ်အမှတ်(၃)ရပ်ကွက်ရှမ်း ပိုင်းရှိ ဦးပန်းခင်၏ရာဘာခြံတဲနေ ဒေါ်အေးမော်က သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည့်အမှုဖြစ်သည်။

ဖြစ်စဉ်မှာ ဒေါ်အေးမော်သည် ၎င်းနေထိုင်ရာ တဲအတွင်းသမီးဖြစ်သူမသင်္ကြန်မိုးနှင့်အတူရှိနေစဉ် မသင်္ကြန်မိုး၏ ခင်ပွန်း စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့မှ တပ်ကြပ်ကြီး မျိုးထိုက်ဝင်း(အိမ်ထောင်ရှိသူ)က ဟွန်ဒါဖစ်ယာဉ်ဖြင့် ရောက်လာခဲ့သည်။

ထို့နောက် မျိုးထိုက်ဝင်းက မသင်္ကြန်မိုးကို မေးမြန်းရာ ဒေါ်အေးမော်က မရှိကြောင်းပြောဆိုသဖြင့် လိမ်လည်ပြောဆို သည်ဟုဆိုကာ တွေ့လျှင်ရိုက်သတ်ပစ်မည်ဟုပြောပြီး မျိုးထိုက်ဝင်းက မသင်္ကြန်မိုးကိုတွေ့ရှိစဉ် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ရာ မသင်္ကြန်မိုး၏ဝဲရင်ဘက်အထက်နားတွင် ၉ မမ ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းက (ပ)၄၃/ ၁၉ရာဇသတ်ကြီးပုဒ်မ၃၀၂ အရ အမှုဖွင့်စုံစမ်းနေစဉ် ပြစ်မှုကျူးလွန်သူ မျိုးထိုက်ဝင်းသည် မော်လမြိုင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးသို့ သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာက အမှုဖြင့် ဆက်လက် အရေးယူထားသည်။