ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ရုပ်သံဇာတ်လမ်းတွဲတွင်သာ သမ္မတ အဖြစ် ပါဝင်ခဲ့ဖူးသည့် ဟာသသရုပ်ဆောင် ဗိုလိုဒီမြာ ဇီလန်းစကီးသည် မဲအပြတ်အသတ်နှင့်အနိုင်ရရှိရန် ဦးတည်နေပြီ ဖြစ်သည်။
ဟာသသရုပ်ဆောင် ဇီလန်းစကီးနှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲသမ္မတ ပိုရိုရှန်ကိုတို့သာ ဒုတိယအကျော့၌ အဓိက ယှဉ်ပြိုင်ရသည့်အနက် မဲရေတွက်မှု ထက်ဝက်ကျော် ပြီးဆုံးချိန်တွင် ဇီလန်းစကီးက ၇၃ ရာခိုင်နှုန်း ရရှိထားပြီး ပိုရိုရှန်ကိုက ၂၅ ရာခိုင်နှုန်းသာ ရရှိထားသည်။
သြဇာကြီးတိုင်ကွန်း(သူဌေးကြီး)တစ်ဦးလည်းဖြစ်သည့် ပိုရိုရှန်ကိုက အရှုံးကိုလက်ခံခဲ့ပြီး သမ္မတရာထူးမှဆင်းပေးမည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးလောကမှထွက်ခွာမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ရုပ်သံဇာတ်မြူးနှင့် ကျော်ကြားနေသည့် ဟာသသရုပ်ဆောင် ဗိုလိုဒီမြာ ဇီလန်းစကီးက သမ္မတဖြစ်လာပြီးနောက် ၄င်း၏ပထမဆုံးတာဝန်မှာ ရုရှားတွင်အကျဉ်းကျနေသည့် ယူကရိန်းစစ်သည် ၁၇၀ ပြန်လည်လွတ်မြောက်ရေးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယူကရိန်းသည် ရုရှားထောက်ခံသည့် ခွဲထွက်ရေးသမားများနှင့် ငါးနှစ်ကြာတိုက်ခိုက်ခဲ့ပြီး လူ ၁၃၀ဝ၀ သေဆုံးခဲ့ကာ စီးပွားရေးလည်း အထိနာနေသည်။
ပဋိပက္ခအဆုံးသတ်ရေး ရုရှားအစိုးရနှင့် ထိတွေ့ပြောဆိုမည်ဖြစ်ကြောင်း၊ ၄င်း၏အောင်ပွဲသည် ဆိုဗီယက်ယူနီယံ အုပ်စုဝင်ဟောင်းနိုင်ငံများအတွက် ရှေ့ဆက်ရန် နိုင်ငံရေးမော်ဒယ်သစ်တစ်ခုဖြစ်ကြောင်း ဇီလန်းစကီးက ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲရလဒ်အချို့ စောစီးစွာထွက်ပေါ်လာချိန်ကပင် ဇီလန်းစကီးကို ယူကရိန်းရှိ အမေရိကန်သံရုံးနှင့် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်တို့က ချီးကျူးဂုဏ်ပြုခဲ့သည်။
အသက် ၄၁ နှစ်ရှိ ဇီလန်းစကီးသည် ကျောင်းဆရာဘဝမှ အကျင့်ပျက်မှုတိုက်ဖျက်ရေးလှုပ်ရှားရန် သမ္မတဖြစ်လာသူ အဖြစ် ယူကရိန်းရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်ခဲ့ရာမှ နိုင်ငံတစ်ဝန်း ကျော်ကြားလာခဲ့သူဖြစ်သည်။
၄င်းသည် အစိုးရဝန်ထမ်းအဖြစ် အတွေ့အကြုံမရှိခဲ့ခြင်းအတွက်မူ ဝေဖန်ပြစ်တင်ခံရသော်လည်း ၄င်းအားထောက်ခံသူများကမူ ယင်းသို့အတွေ့အကြုံမဲ့ခြင်းကြောင့်ပင် မဲပေးရွေးချယ်ရခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
မိမိတို့သည် ကတိမတည်၊ အကျင့်ပျက်ခြစားပြီး လိမ်ညာတတ်သည့် လက်ဟောင်းနိုင်ငံရေးသမားများလက်အောက်တွင် ကြီးပြင်းလာရကြောင်း၊ ယခု ယင်းတို့ကို ပြောင်းလဲရန်အချိန်တန်၍ လူသစ်တစ်ဦးဖြစ်သည့် ဇီလန်းစကီးကို ရွေးချယ်လိုက်ကြခြင်း ဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ် မဲဆန္ဒရှင်ကွန်ပျူတာပရိုဂရမ်မာတစ်ဦးက ပြောဆိုသည်။
ပိုရိုရှန်ကိုမှာ သကြားလုံးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ခဲ့ကာ ၂၀၁၄ ခုနှစ်၌ လမ်းပေါ်ဆန္ဒပြပွဲများကြောင့် ရုရှားလိုလားသည့်သမ္မတပြုတ်ကျချိန်တွင် သမ္မတအဖြစ် ၄င်းကိုယ်၄င်း ခန့်အပ်ခဲ့သူဖြစ်သည်။
ပိုရိုရှန်ကိုနှင့် ဇီလန်းစကီးနှစ်ဦးစလုံးတို့က ယူကရိန်းကို အီးယူနှင့်နေတိုးအဖွဲ့ထဲ ဝင်ရောက်ရေး ဦးဆောင်သွားမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ကြပြီး ဇီလန်းစကီးက မဲအများစု ရရှိ်ခဲ့ခြင်းဖြစ်သည်။

















