အီရန်နိုင်ငံမှ ရေနံတင်သွင်းသည့် နိုင်ငံများကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ရန် စီစဉ်နေသည်။
အမေရိကန်မဟာမိတ်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တူရကီအပါအဝင် နိုင်ငံငါးနိုင်ငံတို့အား အီရန်ရေနံတင်သွင်းမှုအတွက် သက်ညှာကင်းလွတ်ခွင့်ပေးတော့မည်မဟုတ်ကြောင်း အမေရိကန်အရာရှိများက သတိပေးလိုက်သည်။
မဟာမိတ်သုံးနိုင်ငံအပြင် တရုတ်နှင့်အိန္ဒိယတို့ပါဝင်သည့် ငါးနိုင်ငံကို မေ ၂ ရက်နောက်ပိုင်းတွင် အီရန်မှ ရေနံ ဆက်လက်တင်သွင်းပါကပိတ်ဆို့မှုချမှတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို စီစဉ်နေကြောင်း၊ မကြာမီတရားဝင် ထုတ်ပြန်ကြေညာရန်ရှိကြောင်း သိရသည်။
အီရန်ရေနံတင်သွင်းမှုအတွက် ပိတ်ဆို့မှုသက်ညှာခွင့်များ ငါးနိုင်ငံအပေါ် ပေးအပ်ထားခြင်းအား ထရမ့်အစိုးရက ရုပ်သိမ်းတော့မည်ဖြစ်ကြောင်းကို ဝါရှင်တန်ပို့စ်သတင်းစာက ဦးစွာဖော်ပြခဲ့သည်။
သမ္မတအိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်က အီရန်နှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများအကြား နျူကလီးယားဆိုင်ရာသဘောတူညီချက်စာချုပ် ချုပ်ဆိုထားခြင်းမှ အမေရိကန်ကို သမ္မတထရမ့်က ၄င်းလက်ထက်တွင် ဆွဲထုတ်ခဲ့သည်။
ယင်းနောက် အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သော်လည်း နိုင်ငံရှစ်နိုင်ငံကို ပိတ်ဆို့မှုသက်ညှာခွင့် ပေးအပ်ထားသည်။ ရေနံဝယ်ယူရန် ရင်းမြစ်ရှာဖွေရေးအချိန်ရရန်နှင့် ကမ္ဘာ့ရေနံဈေးကွက် သက်ရောက်မှုကြီးမားခြင်းကို ကာကွယ်ရန် သက်ညှာခွင့်များ ပေးထားခဲ့ခြင်းဖြစ်သည်။
ယခုအပါ အမေရိကန်နှင့် ဆော်ဒီအာရေဗျအပါအဝင် နိုင်ငံအချို့တွင် ရေနံထုတ်လုပ်မှု တိုးတက်လာခြင်းကြောင့် အီရန်ရေနံတင်သွင်းမှုအတွက် သက်ညှာခွင့်များ မလိုအပ်တော့ကြောင်း အမေရိကန်တို့က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာမှစ၍ နိုင်ငံရှစ်နိုင်ငံတွင်ပါဝင်သည့် အီတလီ၊ ဂရိနှင့် ထိုင်ဝမ်တို့သည် အီရန်ရေနံတင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ကျန်နိုင်ငံငါးခုအနက် တူရကီကအီရန်မှတင်သွင်းသည့်ရေနံသည် တူရကီအတွက် အရေးပါနေသည်။
အီရန်နှင့် အိမ်နီးချင်းလည်းဖြစ်သည့် တူရကီအနေဖြင့် အီရန်နှင့် အခြားကုန်သွယ်မှုလည်း များပြားခြင်းကြောင့် အမေရိကန်ပိတ်ဆို့မှုကို လိုက်နာသည့်အနေဖြင့် အီရန်နှင့် စီးပွားရေးဆက်ဆံမှု အပြည့်အဝရပ်ဆိုင်းရန် မမျှော်လင့်နိုင်ကြောင်းလည်း သိရသည်။

















