သီရိလင်္ကာဗုံးခွဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၉၀ ရှိလာ

သီရိလင်္ကာဗုံးခွဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၉၀ ရှိလာ

သီရိလင်္ကာနိုင်ငံတွင် ခရစ်ယာန်တို့၏ အီစတာတနင်္ဂနွေနေ့၌ ဗုံးခွဲတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူဦးရေသည် ၂၉၀ ရှိလာပြီဖြစ်ပြီး အကြမ်းဖက်မှုအတွက် ထောက်လှမ်းရေးသတင်းများ စိစစ်မှု ပျက်ကွက်ခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဧပြီ ၂၁ ရက်၌ ဗုံးပေါက်ကွဲမှု ကိုးကြိမ်အထိဖြစ်ခဲ့ကြောင်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်းသုံးခုနှင့် ဟိုတယ်သုံးခုပါဝင်သည့် တိုက်ခိုက်ခံရမှုသည် သီရိလင်္ကာတွင် ပြည်တွင်းစစ်နောက်ပိုင်း အသေအပျောက်အများဆုံး အကြမ်းဖက်မှုဖြစ်သည်။

ဒဏ်ရာရသူပင် ၅၀ဝ ကျော်ရှိသည့် တိုက်ခိုက်မှုများအတွက် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့သော်လည်း တုံ့ပြန်မှုနှေးကွေးခဲ့ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဟာရင်ဖာနန်ဒိုနှင့် နိုင်ငံတော်ပေါင်းစည်းရေးဝန်ကြီး မာနိုဂါနီရှန်တို့က ပြောဆိုခဲ့သည်။

ဧပြီ ၂၂ ရက်၌လည်း အချင်း မီတာ ၄၀ဝ စက်ဝိုင်းအတွင်း ထိခိုက်စေနိုင်သည့် ဖေါက်ခွဲပစ္စည်းကီလိုဂရမ် ၅၀(ပေါင် ၁၁၀)ပါ လက်လုပ်ပိုက်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း လေတပ်အရာရှိတစ်ဦးက ပြောသည်။

ကိုလံဘိုဝန်းကျင်တွင် အများဆုံးပေါက်ကွဲမှုဖြစ်သည့် တိုက်ခိုက်မှုသည် ဘာသာရေးအစွန်းရောက်များလက်ချက် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရူဝန်ဝီဂျီဝါဒီနာက ပြောဆိုထားသည်။

အသေခံဗုံးခွဲသူ ခုနစ်ဦးရှိကြောင်း၊ သံသယရှိသူ အနည်းဆုံး ၁၃ ဦးဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။၄င်းတို့လက်ချက်ဖြစ်ကြောင်း မည်သူမျှ ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

သေဆုံးသူအများစုသည် သီရိလင်္ကာနိုင်ငံသားများ ဖြစ်ကြပြီး ဗုံးကွဲရာတွင် နိုင်ငံခြားသားများ လာရောက်ကြသည့် စိန့်အန်ထော်နီဘုရားကျောင်းနှင့် အဆင့်မြင့်ဟိုတယ်များလည်း ပါဝင်၍ နိုင်ငံခြားသား ၃၀ နီးပါး၏ အလောင်းများ တွေ့ရှိထားသည်။

အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ပေါ်တူဂီတို့က ၄င်းနိုင်ငံသားများ ပျောက်ဆုံးနေကြောင်း ပြောဆိုထားသည်။ ဗုံးခွဲမှုကို ကက်သလစ်အာဏာပိုင် ပုပ်ရဟန်းမင်းဖရန်စစ်နှင့် ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချခဲ့ကြပြီး ထိခိုက်သူများအတွက် ကမ္ဘာတစ်ဝန်းတွင် ဆုတောင်းပွဲများ ကျင်းပခဲ့သည်။

သီရိလင်္ကာအစိုးရက ချက်ချင်းထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ပြန်လည်ဖြေလျှော့ပေးခဲ့သော်လည်း လူမှုကွန်ရက်များကို ပိတ်ဆို့ထားပြီး လူဦးရေ ၂၁ သန်းရှိ် နိုင်ငံတွင် တင်းမာမှုများ လျော့ကျစေရန် ကြိုးပမ်းလျက်ရှိသည်။

သီရိလင်္ကာတွင် အနည်းစုတမီလ်များက ခွဲထွက်ရန်ကြိုးပမ်းသည့် တမီလ်ကျားအဖွဲ့နှင့် အစိုးရတို့ ၂၆ နှစ်ကြာ စစ်ဖြစ်ခဲ့ပြီး စစ်ပြီးသည်မှာ ဆယ်နှစ်ခန့်သာ ရှိသေးသည်။

နိုင်ငံတွင် အများစုသည် ဗုဒ္ဓဘာသာဝင် ဆင်ဟာလီများဖြစ်၍ အနည်းစုတမီလ်များတွင် ဟင်ဒူ၊ မွတ်စလင်နှင့် ခရစ်ယာန်များ ပါဝင်သည်။