လစ်ဗျား၌ ထရီပိုလီမြို့တော်ထိန်းချုပ်ရေးတိုက်ပွဲများတွင် နှစ်ပတ်အတွင်း လူ ၂၂၀ သေဆုံး

လစ်ဗျား၌ ထရီပိုလီမြို့တော်ထိန်းချုပ်ရေးတိုက်ပွဲများတွင် နှစ်ပတ်အတွင်း လူ ၂၂၀ သေဆုံး

လစ်ဗျား၌ ကုလသမဂ္ဂကျောထောက်နောက်ခံပြုသည့် အစိုးရရုံးစိုက်ရာ ထရီပိုလီမြို့တော်ကို ထိန်းချုပ်နိုင်ရေး စစ်ဘုရင် ခါလီဖာဟက်ဖ်တာက ကြိုးပမ်းလာသည့်နှစ်ပတ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးသူ ၂၂၀ ရှိခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

လစ်ဗျားအရှေ့ပိုင်းကိုထိန်းချုပ်ထားသည့် ဖီးမာရှယ် ဟက်ဖ်တာ၏ အယ်အင်န်အေတပ်များက ဧပြီ ၅ ရက်မှစ၍ စစ်ဆင်ခဲ့ရာ အစိုးရထောက်ခံသည့် ပြည်သူ့စစ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထရီပိုလီအနောက်တောင်ပိုင်းရှိ အဲလ်ဝါထရာလေတပ်စခန်းနှင့် ဂါရိန်းမြို့တို့ကို အစိုးရနှင့်ပြည်သူ့စစ်များက လေကြောင်းအကူဖြင့်တိုက်ခိုက်ခဲ့ကြောင်း အယ်အင်န်အေပြောခွင့်ရသူ အာမက်အဲလ်မက်စ်မာရီက ပြောသည်။

ဟက်ဖ်တာ တပ်ဖွဲ့များ အောင်မြင်မှုအနည်းငယ်သာ ရရှိကြောင်း ထရီပိုလီဒေသခံများက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟက်ဖ်တာထံ ယခုအပတ်အတွင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လစ်ဗျားရေနံရင်းမြစ်များလုံခြုံရေးတွင် ဟက်ဖ်တာ၏ထူးခြားသည့်အခန်းကဏ္ဍကို အသိအမှတ် ပြုခဲ့ကြောင်း၊ လစ်ဗျား၏အသွင်ကူးပြောင်းရေးကာလ တည်ငြိမ်ရေး ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

တူနီးရှားသည် ကုလကိုယ်စားလှယ် ဆာလာမီနှင့် လစ်ဗျားအုပ်စုများနှင့် ဆက်သွယ်ကာ တင်းမာမှုလျှော့ချရေး စေ့စပ်မှုပြန်လည်ပြုလုပ်ရေး ကြိုးပမ်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ခီမာအစ်ဂျီနာအွီက ပြောဆိုခဲ့သည်။ အီဂျစ်၊ အယ်လ်ဂျီးရီးယားနှင့် တူနီးရှားသံတမန်များအပါအဝင် လစ်ဗျားအကျပ်အတည်းဖြေရှင်းရေး အစည်းအဝေးတစ်ရပ်ကို လာမည့်ရက်များအတွက် ကျင်းပသွားရန်လည်း တူနီးရှားက အလိုရှိနေသည်။

လစ်ဗျားတွင် ၂၀၁၁ ခုနှစ်က မတည်ငြိမ်မှုများနှင့်အတူ အာဏာရှင် မွမ်မာကဒါဖီ ပြုတ်ကျခဲ့ပြီးနောက် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။
ဟက်ဖ်တာ၏ အယ်အင်န်အေသည် နိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး အနောက်ပိုင်းနှင့် ထရီပိုလီတွင် ကုလသမဂ္ဂအသိအမှတ်ပြု အစိုးရတစ်ရပ်ရှိနေကာ ရင်းမြစ်များနှင့် နယ်မြေထိန်းချုပ်ရေး တိုက်ခိုက်ခဲ့ကြသည်။