အရပ်ဘက်ကိုအာဏာပြန်လွှဲပြောင်းပေးရန် နှောင့်နှေးနေမှုကြောင့် ဆူဒန် ဆန္ဒပြသူများစစ်ဘက်နှင့် ဆွေးနွေးမှု ရပ်ဆိုင်း

အရပ်ဘက်ကိုအာဏာပြန်လွှဲပြောင်းပေးရန် နှောင့်နှေးနေမှုကြောင့် ဆူဒန် ဆန္ဒပြသူများစစ်ဘက်နှင့် ဆွေးနွေးမှု ရပ်ဆိုင်း

ဆူဒန်သမ္မတအိုမာအယ်လ်ဘာရှားကို ဖြုတ်ချကာစစ်အာဏာသိမ်းပြီးနောက် အရပ်ဘက်ကိုအမြန်ဆုံးအာဏာလွှဲပြောင်းပေးရန် ဆူဒန် စစ်ကောင်စီက နှောင့်နှေးနေမှုကြောင့် အာဏာလွှဲပြောင်းရေးကိစ္စများကောင်စီနှင့် ဆွေးနွေးနေမှုများကိုဆိုင်းငံ့ထားကြောင်းဆူဒန်ဆန္ဒပြပြည်သူများ၏ ကိုယ်စားလှယ်အဖွဲ့ကထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် စစ်ကောင်စီ၏ နိုင်ငံရေးဌာနခွဲသည် ဖြုတ်ချခံရကာမြို့တော် ခါတိုရန်တွင် အကျဉ်းချထိန်းသိမ်းခံထားရသောသမ္မတဟောင်းအယ်လ်ဘာရှားနှင့်လည်းနီးစပ်သူများဖြင့် ဖွဲ့စည်းထားကြောင်းဆူဒန်ဆန္ဒပြပြည်သူများအဖွဲ့အစည်း(အက်စ်ပီအေ) ပြောရေးဆိုခွင့်ရှိသူမိုဟမ္မဒ် အယ်လ်အာမင် အဗ္ဗဒဲအေဇစ်ကပြောသည်။

အသွင်ကူးပြောင်းရေးအရပ်သားအစိုးရထံချက်ချင်းအာဏာလွှဲပြောင်းပေးရန်  ဆန္ဒပြပွဲများအရှိန်မြှင့်ဆင်နွှဲသွားမည်ဟု ကိုယ်စားလှယ်အဖွဲ့ကကြေညာထားသည်။အရပ်သားအစိုးရသည် လေးနှစ်အချိန်ယူကာရွေးကောက်ပွဲကျင်းပနိုင်ရေးစီစဉ်မည်ဖြစ်သည်။

အက်စ်ပီအေသည် လေးလကြာအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဆင်နွှဲကာ နိုင်ငံကို နှစ် ၃၀  ကျော်  အုပ်ချုပ်ခဲ့သောသမ္မတအယ်လ်ဘာရှား၏ အာဏာကိုအဆုံးသတ်စေခဲ့သည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုကစတင်ကာအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဒီဇင်ဘာကစတင်ဖြစ်ပွားခဲ့ပြီးလေးလအတွင်းလုံခြုံရေးတပ်ဖွဲ့များကြောင့် ဆန္ဒပြသူတစ်ရာဝန်းကျင် သေဆုံးခဲ့ကြောင်းအက်စ်ပီအေကပြောသည်။

ဆူဒန်စစ်တပ်သည် ဧပြီ ၁၁ ရက်တွင် စစ်အာဏာသိမ်းကာသမ္မတအယ်လ်ဘာရှားကို ဖြုတ်ချခဲ့ပြီး နိုင်ငံကို နှစ်နှစ်အုပ်ချုပ်ကာဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပပေးရန် ပြင်ဆင်မည်ဟုကြေညာထားသည်။

စစ်တပ်သည်  အယ်လ်ဘာရှားအစိုးရလက်ထက် အကြီးတန်းအရာရှိအများအပြားကိုဖမ်းဆီးခဲ့သလို၊ တရားသူကြီးများ၊ အစိုးရရှေ့နေများကိုလည်းရာထူးမှ ထုတ်ပစ်ခဲ့သည်။