အမေရိကန်လုပ် နာမည်ကျော် တက်စလာလျှပ်စစ်ကားတစ်စီး ရှန်ဟိုင်းတွင်ရပ်ထားစဉ် မီးလောင်သွားပုံဗီဒီယို တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဖြစ်စဉ်ကိုအသေးစိတ် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း တက်စလာကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
ကားမီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရမှုမရှိကြောင်း သိရသည်။ ဗီဒီယိုထဲမှ မြင်ကွင်းအရ ကားသည် ရပ်ထားစဉ် မီးခိုးများအူထွက်လာကာ မီးလောင်ခြင်းဖြစ်ကြောင်း တွေ့ရသည်။
တက်စလာကုမ္ပဏီက မည်သည့်ကားမော်ဒယ် မီးလောင်ကြောင်း အတည်ပြုချက် မထုတ်ပြန်သော်လည်း ဆိုရှယ်မီဒီယာသုံးစွဲသူများကမူ မော်ဒယ်အက်စ်ကား ဖြစ်ကြောင်း ဆိုထားကြသည်။
“အခင်းဖြစ်စဉ်အကြောင်း သိရပြီးပြီးချင်း ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ ရှန်ဟိုင်းကိုစေလွှတ်ထားပါတယ်” ဟု တက်စလာကုမ္ပဏီ၏ တရုတ်ဆိုရှယ်မီဒီယာ ဝေပိုစာမျက်နှာတွင် ရေးသားထားသည်။
“သက်ဆိုင်ရာဌာနတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်အတည်ပြုနေပါတယ်။ လက်ရှိသတင်းအချက်အလက်တွေ အရတော့ သေဆုံးဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်” ဟုတက်စလာက ရေးသားထားသည်။
ကားမီးလောင်ချိန်သည် ရှန်ဟိ်ုင်းတွင် ဧပြီ ၂၁ရက် ညပိုင်းအချိန်ဖြစ်သည်။ ယခင်ကတက်စလာကား မီးလောင်မှုများသည် မောင်းနေစဉ် ဖြစ်ပွားခြင်းဖြစ်ကာ ယခုအကြိမ်သည် ကားပါကင်တွင် ရပ်ထားစဉ် ဖြစ်ပွားခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က ဗြိတိန် ရုပ်သံ ဒါရိုက်တာမိုက်ကယ် မောရစ် စီးလာသည့် တက်စလာကားသည် မောင်းနေစဉ် မီးလောင်ဖူးသည်။၂၀၁၆ ခုနှစ်ကလည်း ပြင်သစ်တွင် တက်စလာမော်ဒယ်အက်စ် ကားတစ်စီးမောင်းနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ဖူးသည်။

















