ညအိပ်ရပ်သည့် ကားများမှ ဘက်ထရီအိုးများကို အငှားယာဉ်ဖြင့် လိုက်လံဖြုတ်ခိုး

ညအိပ်ရပ်သည့် ကားများမှ ဘက်ထရီအိုးများကို အငှားယာဉ်ဖြင့် လိုက်လံဖြုတ်ခိုး

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ညအိပ်ရပ်နားထားသည့် မော်တော်ယာဉ်များမှ ဘက်ထရီအိုးများကို အငှားယာဉ်ဖြင့် လိုက်လံဖြုတ်ခိုးသူကို သက်ဆိုင်ရာက သတင်းအရ ဖမ်းဆီးစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ ဘက်ထရီအိုး ၂၈ လုံးခိုးယူမှုပေါ်ပေါက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ဘက်ထရီအိုးများ ဖြုတ်ခိုးသူ ဒဂုံမြို့သစ်မြောက်ပိုင်း (၅၀) ရပ်ကွက်နေ ပြည့်ဖြိုးကျော်(ခ)ကျော်ကြီး ကို တိုယိုတာဗင်အမျိုးအစား အငှား ယာဉ်နှင့်အတူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ပြည့်ဖြိုးကျော်(ခ)ကျော်ကြီးနှင့်အတူ ပြည့်ဖြိုးအောင်ဆိုသူက ပြစ်မှုကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ပြည့်ဖြိုးကျော်(ခ)ကျော်ကြီးနှင့်ပြည့်ဖြိုးအောင်တို့သည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ဒဂုံမြို့သစ် မြောက်ပိုင်း၊သုဝဏ္ဏနှင့်သင်္ဃန်းကျွန်းမြို့နယ်များအတွင်းရှိ ရပ်တန့်ထားသည့် မော်တော်ယာဉ်များမှ ဘက်ထရီအိုး(၂၈)လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၄င်းတို့ခိုးယူခဲ့သည့်ဘက်ထရီအိုးများကို ရောင်းချထားသည့်နေရာများမှ သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းကာ အမှုဖြင့် တိမ်းရှောင်နေသူ ပြည့်ဖြိုးအောင်ကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။