လုယက်မှုများကျူးလွန်ထားကြောင်းသတင်းရရှိသူနှစ်ဦးကို သက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးခဲ့ရာ စက်ဘီးစီးနင်းနေသူများနှင့်လမ်းလျှောက်နေသူများထံမှ လက်ကိုင်ဖုန်းလုယက်မှုများပေါ်ပေါက်ခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း လုယက်မှုကျူးလွန်ထားကြောင်းသတင်းရရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်နှစ် ခုအတွင်းမှ လက်ကိုင်ဖုန်း(၁၅)လုံးလုယက်မှု ပေါ်ပေါက်ခဲ့ကြောင်း ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
သတင်းရရှိထားသူ အာကာစိုး(ခ) အာဗြဲ(ခ)အကြီးကောင်နှင့်အောင်ဝင်းသူ(ခ)ခွေးကြီးတို့ကိုဒဂုံမြို့သစ်မြောက်ပိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက (၄၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် သခင်လေးမောင်လမ်းအနီးတွင် Honor အမျိုးအစားဖုန်းတစ်လုံး၊ Felling CZI 125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၄င်းတို့နှစ်ဦးက အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ မရှိ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုက ဆက်လက်စစ်ဆေးခဲ့ရာ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း စက်ဘီးစီးနင်းနေသူများနှင့်လမ်းလျှောက်နေသူများထံမှ လက်ကိုင်ဖုန်းလေးလုံးကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လက်ကိုင်ဖုန်းလေး လုံးကိုလည်းကောင်း လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့ပြင်မတ်လအတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းမှ လက်ကိုင်ဖုန်းငါးလုံးနှင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းတို့လုယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချထားသည့်နေရာများမှ သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့ပြီး သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများသို့ ဆက်သွယ်စုံစမ်းရန် ထုတ်ပြန်ထားသည်။

















