ရဲစခန်းထောက်ခံစာနှင့်အလုပ်သမားမှတ်ပုံတင် ကတ် အများအပြားကို အတုပြုလုပ်ရောင်းချ

ရဲစခန်းထောက်ခံစာနှင့်အလုပ်သမားမှတ်ပုံတင် ကတ် အများအပြားကို အတုပြုလုပ်ရောင်းချ

လှိုင်သာယာမြို့နယ်အတွင်း ရဲစခန်းထောက်ခံစာနှင့်အလုပ်သမားမှတ်ပုံတင် ကတ်အများအပြားကို အတုပြုလုပ်
ရောင်းချသူသုံးဦးအား ရဲတပ်ဖွဲ့က ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် လှိုင်သာယာမြို့နယ် (၈)ရပ်ကွက် အိုးအိမ်ရုံးရှေ့ မကွေးလမ်းမပေါ်၌ အလုပ်သမားမှတ်ပုံတင်ကတ်(လေဘာကတ်)နှင့် ရဲစခန်းထောက်ခံစာအတုများ ရောင်းချနေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ ရဲအုပ်စည်သူစိုးနှင့်တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာက အဆိုပါနေရာတွင် လှိုင်သာယာမြို့နယ်နေ ဇင်လင်း(၃၂ နှစ်)ကို တွေ့ရှိခဲ့ပြီး ၄င်းထံမှ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးတံဆိပ်ရိုက်နှိပ် လက်မှတ်ရေးထိုးထားသည့် အလုပ်သမားမှတ်ပုံတင်ကတ် (လေဘာကတ်အတု) (၂၇)စောင်နှင့် မြို့မရဲစခန်းတံဆိပ်ဝိုင်းရိုက်နှိပ်လက်မှတ်ရေးထိုး ထားသည့် ရဲစခန်းထောက်ခံစာအတု (၃၁)စောင်တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင်စာရင်းစစ်ရုံးရှေ့ တွင် လှိုင်သာယာမြို့နယ်နေ ကျော်မြင့်(ခ)အရှည်ကြီး(၄၀ နှစ်)ကိုသက်ဆိုင်ရာက တွေ့ရှိခဲ့ပြီး ၄င်းထံမှ အလုပ်သမား မှတ်ပုံတင်ကတ်အတု (၉၄)စောင်၊ မြို့မရဲစခန်းထောက်ခံစာအတု(၆၉)စောင်တို့ကို တွေ့ရှိ ဖမ်းဆီးခဲ့သည်။

အလားတူ လှိုင်သာယာမြို့နယ်နေ စောရန်အောင်(၂၅ နှစ်)ထံမှ အလုပ်သမားမှတ်ပုံတင်ကတ်အတု များနှင့်လှိုင်သာယာမြို့မရဲစခန်းထောက်ခံစာအတု (၆)စောင်တို့ကို ဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

၄င်းတို့ သုံးဦးကို လှိုင်သာယာမြို့ မရဲစခန်းက (ပ) ၂၄၁၆ /၁၉ ၊(ပ)၂၄၁၇/၁၉ ၊ (ပ) ၂၄၁၅/ ၁၉ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ အရ အသီးသီး အမှုဖွင့်အရေးယူထားသည်။