ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ဧပြီ ၂၃ ရက်၌ အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦများ ပြိုကျပျက်စီးပြီး လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။
ဧပြီ ၂၂ ရက်၌လည်း နိုင်ငံမြောက်ပိုင်း၌ ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၁ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။
ဧပြီ ၂၃ ရက် ငလျင်သည် ရစ်ချက်တာစကေး ၆ ဒသမ ၃ ရှိကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်သည်။ငလျင်သည် အရှေ့ပိုင်း ဆာမာပြည်နယ်ကို ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်သည်။ယင်းငလျင်ကြောင့် သေဆုံးနှင့် ဒဏ်ရာရသူစာရင်းကို မသိရသေးပေ။
ဧပြီ ၂၂ ရက် ငလျင်ကြောင့် နိုင်ငံမြောက်ပိုင်း ပိုရတ်မြို့၌ ဈေးဝယ်စင်တာတစ်ခု ပြိုကျကာ လူလေးဦး သေဆုံးခဲ့သည်။ ကျေးရွာအချို့တွင်လည်း အိမ်နံရံများ ပြိုကျပိမိမှုကြောင့် သုံးဦး သေဆုံးကြောင်း မနီလာမြို့ မြောက်ပိုင်း ပမ်ပန်ဂါပြည်နယ်ရှိ ပိုရတ်မြို့ မြို့တော်ဝန် ကွန်ဒရာလီတို ဒယ်လာ ခရက်က ပြောသည်။
ပိုရတ်မြို့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်မှု အများဆုံးဖြစ်ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
ငလျင်ကြောင့် အိမ်၊ လမ်း၊ တံတား၊ ခရစ်ယာန်ဘုရားကျောင်းများ ထိခိုက်ပျက်စီးခဲ့သလို၊ ပမ်ပန်ဂါရှိ ကလာ့ခ် ဖရီးဖို့တ် လေဆိပ်လည်း ထိခိုက်ခဲ့သည်။ ဧပြီ ၂၂ ရက် ငလျင်ကြောင့် လူ ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ နောက်ဆုံးစာရင်းများအရ ဒဏ်ရာရသူ ၈၁ ဦးရှိကြောင်း ဖိလစ်ပိုင် သဘာဝဘေး တုံ့ပြန်ရေးဌာနက ထုတ်ပြန်သည်။ငလျင်ဒဏ်ကို မြို့တော်မနီလာတွင်ပါ ခံစားခဲ့ရသည်။
မနီလာတွင် ငလျင်ကြောင့် လူအများ တိုက်များပေါ်မှ အလန့်တကြား ပြေးဆင်းလာကြကာ မြေပေါ်တွင် ထိုင်သူထိုင်၊ မှောက်သူမှောက်ဖြင့် ငလျင်ဘေး ရှောင်ခဲ့ကြရသည်။
ငလျင်ဒဏ်ကို လူ ၄၉ သန်းနီးပါး ခံစားခဲ့ရကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က တွက်ချက်ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်သည် ကမ္ဘာ့မြေလွှာပြတ်ရွေ့ကြောင်းများ စုဆုံကာ လှုပ်ရှားမီးတောင်အများအပြား ရှိနေသည့် “ပစိဖိတ်မီးကွင်းဒေသ” ပေါ်၌ တည်ရှိသောကြောင့် မကြာမကြာ ငလျင်ဒဏ် ခံစားရလျက်ရှိသည်။
၁၉၉၀ ခုနှစ်က ရစ်ချက်တာစကေး ၇ ဒသမ ၇ ငလျင်ကြောင့် နိုင်ငံမြောက်ပိုင်းတွင် လူနှစ်ထောင်နီးပါး သေဆုံးခဲ့ရသည်။

















