ကင်ဂျုံအွန် ရုရှားသွားရောက်၍ သမ္မတပူတင်နှင့်တွေ့ဆုံမည်

ကင်ဂျုံအွန် ရုရှားသွားရောက်၍ သမ္မတပူတင်နှင့်တွေ့ဆုံမည်

နျူကလီးယားလက်နက်များအရေး အတိမ်းအစောင်းမခံ ဖြစ်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားနိုင်ငံသို့သွားရောက်၍ သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ကင်ဂျုံအွန် ရုရှားသွား၍ သမ္မတပူတင်နှင့်တွေ့ဆုံမည့်အကြောင်း စာကြောင်းနှစ်ကြောင်းသာပါသည့် ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနကထုတ်ပြန်ခဲ့ပြီး သွားရောက်မည့်ရက်စွဲ ဖော်ပြထားခြင်းမရှိပေ။

ကင်သည် သံချပ်ကာရထား သို့မဟုတ် လေကြောင်းဖြင့် သွားမည်ဆိုခြင်းလည်း မသဲကွဲသေးပေ။

မြောက်ကိုရီးယားနယ်စပ်နှင့် မဝေးလှသည့် ရုရှားဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့တွင် စည်းဝေးပွဲတစ်ခုအတွက် ပြင်ဆင်နေသည့်လက္ခဏာများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရုရှားသည် ရှားပါးသတ္တုများအပါအဝင် သယံဇာတရင်းမြစ်များကို မြောက်ကိုရီးယားထံမှ နယ်စပ်ဖြတ်ကျော်တင်သွင်းရန် စိတ်ဝင်စားနေသည်။

ပြုံယမ်းကလည်း ၄င်း၏စက်မှုဇုန်များ၊ ရထားလမ်းများနှင့် အခြေခံအဆောက်အအုံများ တိုးတက်မွမ်းမံရန် ရုရှားရင်းနှီးမြှုပ်နှံမှုနှင့် ရုရှားထံမှ လျှပ်စစ်ဓာတ်အားများ ရယူလိုနေသည်။

ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီး ဒုတိယအကြိမ် ဟနွိုင်းတွေ့ဆုံမှုတွင် သဘောတူညီမှု တစ်စုံတရာမရရှိခဲ့ချေ။

ကင်က နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းစဉ်အလိုက် ပိတ်ဆို့မှုများလျှော့ပေါ့ပေးရန် အလိုရှိခြင်းကို အမေရိကန်က မလိုက်လျောခဲ့ချေ။

အထီးကျန်နိုင်ငံတစ်ခု၏ခေါင်းဆောင်ဖြစ်သည့် ကင်သည် ဟနွိုင်းတွင် တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နှင့် စင်ကာပူတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် ၄င်း၏ လက်ထောက်များကို ဝါရှင်တန်သို့စေလွှတ်ခြင်း၊ ထရမ့်၏ကိုယ်စားလှယ်ကို ပြုံယမ်းသို့ဖိတ်ခေါ်ခြင်းတို့ဖြင့် နျူအရေး ဆက်လက်ဆွေးနွေးခဲ့သည်။

လွန်ခဲ့သည့်အပတ်ကမူ မြောက်ကိုရီးယားသည် နည်းဗျူဟာအဆင့် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

တားမြစ်ထားသည့် တာလတ်ပစ်နှင့်တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု မဟုတ်စေကာမူ မြောက်ကိုရီးယားသည် သံတမန်ရေးချဉ်းကပ်မှုများ ပြိုလဲနေခြင်းကို စိတ်ပျက်သည့်လက္ခဏာဖြစ်ကြောင်း သုံးသပ်ကြသည်။

ထို့ပြင် သမ္မတထရမ့်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးမိုက်ပွမ်ပီယို လာရောက်ဆွေးနွေးခြင်းကို လူစားလဲပေးရန် တောင်းဆိုခဲ့သည်။

ထရမ့်နှင့်ကင် တတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမတိုင်မီ မြောက်ကိုရီးယားအနေဖြင့် နျူလက်နက်များ ဖျက်သိမ်းလိုကြောင်း အထောက်အထားပိုမိုပြသရန်လိုအပ်သည်ဟု ပြောဆိုခဲ့သည့် အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ကိုလည်း မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့သည်။