မက္ကဆီကိုနိုင်ငံတွင်း ဖြတ်သန်းနေသည့် ရာချီသော ဗဟိုအမေရိကရွှေ့ပြောင်းခရီးသွားများကို ဧပြီ ၂၂ ရက်က မက္ကဆီကိုရဲနှင့် လူဝင်မှုဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွန်ခဲ့သည့်နှစ်မှစ၍ တစ်ကြိမ်တည်းနှင့် ရွှေ့ပြောင်းအများဆုံး ဖမ်းဆီးမှုဖြစ်သည်။
အင်အား ၃၀ဝ၀ ခန့်ရှိသည့် ရွှေ့ပြောင်းအုပ်စုမှ နောက်ဘက်တွင် ကွဲကျန်ခဲ့ပြီး ချီယာပါ့စ်ပြည်နယ်ကို ဖြတ်သန်းကာ အမေရိကန်သို့ဦးတည်နေသည့် အုပ်စုတစ်ခုကို မက္ကဆီကိုအာဏာပိုင်တို့က ပစ်မှတ်ထားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်း ၅၀ဝ ခန့်ရှိသည့်အုပ်စု စီးနင်းခဲ့ရခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ယင်းရွှေ့ပြောင်းများကို လူဝင်မှုကြီးကြပ်ရေးစခန်း တစ်ခုသို့ ပို့ဆောင်ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်ရန် မျှော်လင့်ရသည်။
နိုင်ငံတော်လူ့အခွင့်အရေးကော်မရှင်က အဖြစ်အပျက်ကို စောင့်ကြည့်နေကြောင်း၊ အချက်အလက် အထောက်အထားများ စုဆောင်းနေကြောင်း ပြောဆိုခဲ့သည်။ အာဏာပိုင်များ ဘာလုပ်ပါဟု မိမိတို့မပြောနိုင်သော်လည်း အထောက်အထားများအရ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မရှင်အရာရှိတစ်ဦးက ပြောသည်။
မက္ကဆီကိုသည် လွန်ခဲ့သည့်နှစ်က ပထမဆုံးဝင်ရောက်လာသည့် ယာဉ်တန်းနှင့်ရွှေ့ပြောင်းအုပ်စုကြီးကို ကြိုဆိုခဲ့သည်။ သို့သော် ထောင်ချီသောရွှေ့ပြောင်းများ အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်မှု၊ အမေရိကန်အစိုးရ၏ အပြင်းအထန် ကန့်ကွက်မှုနှင့် ဒေသခံများက အနှောင့်အယှက်ဖြစ်၍ ဒေါသထွက်မှုများ ဖြစ်ပေါ်လာပြီးနောက် အာဏာပိုင်များက ရွှေ့ပြောင်းများကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။
မာပါစတီပက်ဒေသအနီးတွင် ရွှေ့ပြောင်းများကို ထိန်းသိမ်းမှုအများအပြားပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းများက ဖော်ပြခဲ့ပြီးဖြစ်သည်။
ယင်းဒေသ၌ အနည်းဆုံး ရွှေ့ပြောင်း ၂၀ဝ ကျော် ထိန်းသိမ်းခံရပြီး ဂွာတီမာလာနယ်စပ်အနီး တာပါချူလာ ထိန်းသိမ်းရေးစခန်းသို့ လွှဲပြောင်းခံခဲ့ရကြောင်း လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သမ္မတထရမ့်က ရွှေ့ပြောင်းများတရားမဝင် ဝင်ရောက်မှုတားမြစ်ရန် မက္ကဆီကိုနယ်စပ်အား ပိတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပြီး လွန်ခဲ့သည့်ရသတ္တပတ်အနည်းငယ်၌ ရွှေ့ပြောင်းများကို မက္ကဆီကိုက ဖမ်းဆီးသည့်အခါ ချီးကျူးခဲ့သည်။အမေရိကန်က ခိုလှုံခွင့်လျှောက်ထားခြင်းကို ပယ်ချပြီး ပြန်ပို့သည့် ရွှေ့ပြောင်းများကို မက္ကဆီကိုက ပြန်လည် လက်ခံခဲ့သည်။
လွန်ခဲ့သည့်လများအတွင်း မက္ကဆီကိုအာဏာပိုင်များသည် ထောင်ချီသောရွှေ့ပြောင်းများကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ရွှေ့ပြောင်း ၁၅၀ဝ၀ ကျော်ကို မက္ကဆီကိုမှာပင် နေထိုင်အလုပ်လုပ်ကိုင်ရန် လူသားချင်းစာနာမှုဗီဇာများ ထုတ်ပေးခဲ့သည်။
လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်ချက်အရ နိုင်ငံတောင်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းများတွင် ရွှေ့ပြောင်း ၇၅၀ဝ ကျော်ရှိနေကြောင်း သိရသည်။ ယင်းတို့အနက် အများစုသည် အကြမ်းဖက်ရာဇဝတ်မှုများ များပြားနေသည့် ဟွန်ဒူရပ်စ်မှ ထွက်ပြေးလာသူများဖြစ်ပြီး ကျူးဘားအချို့၊ အာဖရိကသားအချို့နှင့် အခြားဗဟိုအမေရိကနိုင်ငံများမှ ထွက်ပြေးလာသူများ ဖြစ်ကြသည်။

















