ကမ္ဘာ့ရေတပ်များသည် ပိုမိုရင်းနှီးသော ဆက်ဆံရေးရှိသင့်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်မှု နှစ် ၇၀ ပြည့်အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံရပ်ခြားရေတပ်အရာရှိများအား ဧပြီ ၂၃ ရက်တွင်ပြောဆိုခဲ့သည်။
နိုင်ငံများ၏ရေတပ်များသည် ကွဲပြားမှုများကို တန်းတူညီမျှသော စိတ်ဓာတ်ဖြင့် ဆွေးနွေးသင့်ကြောင်း ရှီကပြောဆိုခဲ့သည်။ သို့သော် တရုတ်စစ်တပ်သည် တောင်တရုတ်ပင်လယ်တွင်း ရန်လိုစွာပြုမူနေမှုများရှိနေသောကြောင့် ရှီ၏ပြောစကားနှင့် တရုတ်စစ်တပ်၏လုပ်ရပ်တို့ ဆန့်ကျင်နေသည်။
တရုတ်စစ်တပ်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ရေတပ်တည်ထောင်မှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဧပြီ ၂၃ ရက်တွင် ကျင်းပခဲ့သည်။ချင်တောင်ကမ်းလွန်၌ ပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုတွင် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၊ ဖျက်သင်္ဘောများအပါအဝင် စစ်သင်္ဘောသစ်များစွာကို ထုတ်ပြမည်ဖြစ်သည်။
နိုင်ငံ ၁၃ နိ်ုင်ငံမှ စစ်သင်္ဘောများလည်း ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်အစိုးရကပြောဆိုခဲ့သည်။ မြေပိုင်နက်နှင့်ပတ်သက်၍ တရုတ်နှင့်အငြင်းပွားနေပြီး အိန္ဒိယ၏ဒေသတွင်း ပြိုင်ဘက် ပါကစ္စတန်အား တရုတ်က ကူညီနေခြင်းကို မကျေမနပ်ဖြစ်နေသည့် အိန္ဒိယသည် အိုင်အင်န်အက် ကိုလ်ကတားအမည်ရှိ အဆင့်မြင့်နည်းပညာသုံးဖျက်သင်္ဘောတစ်စင်းနှင့် ထောက်ပို့သင်္ဘောငယ်တစ်စင်းတို့ကို စေလွှတ်ထားသည်။
အမေရိကန်၏မဟာမိတ် သြစတြေးလျကလည်း ချင်တောင်သို့ အိပ်ချ်အမ်အေအက်စ် မဲလ်ဘုန်းအမည်ရှိ ရေတပ်သင်္ဘောတစ်စင်းကို စေလွှတ်ထားသည်။
ဂျပန်ကလည်း ချင်တောင်သို့ ဖျက်သင်္ဘောတစ်စင်းကို စေလွှတ်ထားသည်။ ယင်းသည် ၂၀၁၁ ခုနှစ်မှစ၍ တရုတ်သို့ ဂျပန်ရေတပ်သင်္ဘောတစ်စင်း ပထမဆုံးအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရုရှား၊ တောင်တရုတ်ပင်လယ်တွင်းရှိ ရေပိုင်နက်နှင့်ပတ်သက်၍ တရုတ်နှင့်အငြင်းပွားထားသည့် ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကလည်း ရေတပ်သင်္ဘောများ စေလွှတ်ထားသည်။

















