သီရိလင်္ကာနိုင်ငံ၌ စစ်တပ်ကို အာဏာကုန်လွှဲအပ်ထားသည့် အရေးပေါ်အခြေအနေသည် ဧပြီ ၂၃ ရက်တွင် စတင်သက်ရောက်ခဲ့ပြီး ဧပြီ ၂၁ ရက်တွင် ကျရောက်ခဲ့သည့် အီစတာတနင်္ဂနွေနေ့တွင် ဘုရားကျောင်းသုံးကျောင်းနှင့် ဟိုတယ်သုံးခုတို့၌ ဗုံးဖောက်ခွဲခဲ့မှုနှင့်ဆက်စပ်၍ ရဲတပ်ဖွဲ့သည် သံသယရှိသူ ၄၀ ဦးကို ဖမ်ဆီးခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
သီရိလင်္ကာ၏ ၂၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း စစ်တပ်ကိုပေးအပ်ခဲ့ပြီး ပြည်တွင်းစစ် ပြီးဆုံးခဲ့သည့် ၂၀ဝ၉ ခုနှစ်နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့သည့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းခွင့်အာဏာကို သီရိလင်္ကာသမ္မတမိုင်သရီပါလာသီရိသေနာက ပြန်လည်ခွင့်ပြုခဲ့သည်။
ဧပြီ ၂၁ ရက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေသည် ၃၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ရူဗန် ဂူနာဆဲကာရာက ပြောဆိုခဲ့သည်။
ဧပြီ ၂၃ ရက်တွင် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း သမ္မတသီရိသေနာကပြောဆိုခဲ့သည်။ ယင်းနေ့တွင် သီရိလင်္ကာအစိုးရအရာရှိများသည် နိုင်ငံသံတမန်များအား ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုမည်ဖြစ်ကာ အက်ဖ်ဘီအိုနှင့် အခြားနိုင်ငံခြားထောက်လှမ်းရေးဌာနများထံမှလည်း အကူအညီရယူမည်ဖြစ်သည်။
တိုက်ခိုက်မည့်သတင်းကို ရက်ပေါင်းများစွာကြိုတင်ရရှိခဲ့ကြောင်းသတင်းသည်လည်း ဧပြီ ၂၂ ရက်တွင် ပေါက်ကြားခဲ့သည်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများရှိလာမည်ကို စိုးရိမ်ပြီး တာဝန်ရှိသူများကို အရေးယူနိုင်ရန်အတွက် ကာကွယ်ရေးတပ်ဖွဲ့အား လိုအပ်သော လုပ်ပိ်ုင်ခွင့်များအား အပ်နှင်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရာနီ ဝီကရာမာဆင်္ဂါကပြောဆိုခဲ့သည်။
ဧပြီ ၂၂ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းတစ်ကျောင်းအနီးတွင် ရပ်ထားသည့် ဗင်ကားထဲရှိ ဗုံးများကို အသက်ဖြုတ်စဉ်တွင် ပေါက်ကွဲမှုအသေးစားများဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာရရှိသူမရှိခဲ့ချေ။
နာမည်ကျော်ကြားခြင်းမရှိသော အစ္စလာမ်အစွန်းရောက် အမျိုးသား သိုးဖိဖ်ဂျမားအက်အဖွဲ့သည် တိုက်ခိုက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားထောက်လှမ်းရေးများက သတိပေးခဲ့သော်လည်း ယင်းသတင်းပေးမှုသည် ဝန်ကြီးချုပ်ရုံးသို့ရောက်ရှိခြင်းမရှိခြင်းက သီရိလင်္ကာအစိုးရအဖွဲ့တွင်း နိုင်ငံရေးအရတင်းမာမှုများရှိနေဆဲဖြစ်ကြောင်း သိသာထင်ရှားခဲ့သည်။
ဧပြီ ၄ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် တိုက်ခိုက်မည့်အဖွဲ့၏အမည်အပါအဝင် သတင်းအချက်အလက်များကို ရဲချုပ်ထံသို့ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်တွင် သတင်းပေးခဲ့ပြီး ရဲတပ်ဖွဲ့သည် ဧပြီ ၁၁ ရက်မှသာ တရားရေး၊ သံတမန်ရေးလုံခြုံမှုဌာနခွဲအကြီးအကဲများထံသို့ သတင်းပို့ခဲ့ကာ ယင်းသတင်းသည် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေ့အထိ ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိခြင်းမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ရာဇိသာ သီနာရတနာက ပြောဆိုခဲ့သည်။
ဗုံးခွဲမှုကျူးလွန်သူအားလုံးမှာ သီရိလင်္ကာသားများဖြစ်ကြသော်လည်း နိုင်ငံခြားအဆက်အသွယ်ရှိနိုင်ကြောင်း သံသယရှိသည်ဟု သီနာရတနာကပြောဆိုခဲ့သည်။

















