အိန္ဒိယနိုင်ငံရှိ အဆင့်ခုနစ်ဆင့်ရှိ အထွေထွေရွေးကောက်ပွဲ၏တတိယအဆင့်အဖြစ် မဲပေးမှုများကို ဧပြီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။
မဲရုံများစတင်ဖွင့်လှစ်ချိန် နံနက် ခုနစ်နာရီမတိုင်မီကတည်းက လူပေါင်းများစွာသည် မဲပေးရန် စောင့်ဆိုင်းခဲ့ကြသည်။ ဧပြီ ၂၃ ရက်တွင် ပြည်နယ် ၁၃ ခု၊ ပြည်ထောင်စုသမဂ္ဂနယ်မြေနှစ်ခုတို့ရှိ အမတ်နေရာ ၁၁၇ ခုအတွက်မဲပေးခဲ့ကြသည်။
အောက်လွှတ်တော်တွင်း အမတ်နေရာ ၅၄၃ နေရာရှိနေသည်။ မဲပေးမှုသည် အဆင့်ခုနစ်ဆင့်ရှိပြီး မေ ၁၉ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ မေ ၂၃ ရက်မှစ၍ မဲရေတွက်မည်ဖြစ်သည်။
ယခုရွေးကောက်ပွဲသည် ဝန်ကြီးချုပ်နာရိန္ဒြာမိုဒီနှင့် ၎င်း၏ဗရာတီယဇနတပါတီ( ဘီဂျေပီ) တို့အပေါ် လူကြိုက်များမှုရှိမရှိကို ဆုံးဖြတ်မှုတစ်ခုလည်းဖြစ်သည်။ မိုဒီသည် အိမ်နီးချင်း အစ္စလာမ်ဘာသာဝင်အများစုနိုင်ငံ ပါကစ္စတန်နှင့်ပတ်သက်၍ တင်းမာပြတ်သားသော ရပ်တည်ချက်ကိုဖော်ပြပြီး ဟိန္ဒူများထံမှ မဲရရှိရန် ကြိုးပမ်းခဲ့သည်။
အတိုက်အခံပါတီများကလည်း နိုင်ငံတွင်း အလုပ်အကိုင်မဲ့မှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်းရှိနေပြီး သီးနှံထွက်နှုန်းကျဆင်းမှုကြောင့် လယ်သမားများ အကျပ်ရိုက်နေခြင်းတို့နှင့်ပတ်သက်၍ ပြောဆိုပြီး မဲဆွယ်စည်းရုံးခဲ့သည်။ မိုဒီသည် နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဗာရာဏသီမြို့ရှိ အမတ်နေရာနိုင်ငံအနောက်ပိုင်း မွေးရပ်ဂူဂျာရတ်၌ ဧပြီ ၂၁ ရက်တွင် မဲပေးခဲ့သည်။
နိ်ုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ ဝါယာနတ်မဲဆန္ဒနယ်တွင်လည်း မဲပေးမှုပြုလုပ်ခဲ့သည်။ ယင်းမဲဆန္ဒနယ်သည် အတိုက်အခံကွန်ဂရက်စ်ပါတီဥက္ကဋ္ဌ ရာဟုဂန္ဓီဝင်ရောက်ယှဉ်ပြိုင်နေသည့် အမတ်နေရာနှစ်နေရာအနက် တစ်နေရာဖြစ်သည်။
ရာဟုဂန္ဓီကိုထောက်ခံသူများရှိသည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ် အာမဲသီ၌မူ မေ ၆ ရက်တွင် မဲပေးမှုပြုလုပ်မည်ဖြစ်သည်။နှစ်နေရာစလုံးတွင် အနိုင်ရရှိမည်ဆိုပါက တစ်နေရာကိုစွန့်လွှတ်မည်ဖြစ်ကြောင်း ဂန္ဓီကပြောဆိုခဲ့သည်။
အိန္ဒိယရှိ အမှီအခိုကင်းသော ရွေးကောက်ပွဲကော်မရှင်သည် အမုန်းစကားအခြေခံပြီး မဲဆွယ်စည်းရုံးသည့် နိုင်ငံရေးပါတီများစွာမှ အမတ်လောင်းများအား မဲဆွယ်စည်းရုံးခွင့်ပိတ်ပင်မှုများပြုလုပ်ခဲ့သည်။
ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သလို ဘီဂျေပီမှလည်းဖြစ်သည့် ယောဂီ အဓီတြာနက်သည်မွတ်စလင်ဆန့်ကျင်ရေးမိန့်ခွန်းများ ပြောဆိုခဲ့သည့်အတွက် မဲဆွယ်စည်းရုံးခွင့်ပိတ်ပင်ခံခဲ့ရသည်။
ထို့ပြင် ဘဟုဂျန် ဆာမာ့ဂျ်ပါတီခေါင်းဆောင် မာယာဝတီသည် ၎င်း၏ပါတီကိုသာ မဲပေးရန် မွတ်စလင်များအား စည်းရုံးခဲ့မှုအတွက် မဲဆွယ်စည်းရုံးခွင့် ၄၈ နာရီပိတ်ပင်ခံခဲ့ရသည်။
အိန္ဒိယစုစုပေါင်းလူဦးရေ ၁ ဒသမ ၃ ဘီလျံအနက် ၈၀ ရာခိုင်နှုန်းမှာ ဟိန္ဒူများဖြစ်ပြီး ၁၆ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ကြသည်။

















