တက္ကဆပ်ပြည်နယ်တွင် အသက် ၆၅ နှစ်ရွယ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ပရဟိတ သူရဲကောင်းတစ်ဦးလည်းဖြစ်သည့် ဂျက်ဖရီစီဝက်စ် ဆိုသူမောင်းနှင်၍ အခြားငါးဦးလိုက်ပါသည့် လေယာဉ်ငယ်တစ်စင်း ပျက်ကျသဖြင့် ခြောက်ဦးစလုံး သေဆုံးခဲ့သည်။
စီဝက်စ်သည် ဝေးလံဒေသရှိ နာမကျန်းဖြစ်သူများအား ဟူစတန်နှင့် ဒါးလက်စ်ဆေးရုံများကို စေတနာ့ဝန်ထမ်း လေယာဉ်မောင်းနှင်ပို့ဆောင်ပေးလေ့ရှိသူဖြစ်သည်။
၄င်းသည် ဧပြီ ၂၂ ရက်နံနက်က ၄င်းပူးတွဲပိုင်ဆိုင်သည့် အင်ဂျင်နှစ်လုံးတပ် ဘိချ်ခရပ်လေယာဉ်ငယ်တစ်စင်းကို မောင်းနှင်လာစဉ် တက္ကဆက်အလယ်ပိုင်း ဟီးလ်ကန်းထရီး၌ လေယာဉ်ပျက်ကျ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဟူစတန်အခြေစိုက် ရေမွန်နှင့်ဂျိမ်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဒုဥက္ကဌဖြစ်သူ စီဝက်စ်နှင့်အတူ အသက် ၅၅၊ ၅၄၊ ၅၈၊ ၅၅ နှင့် ၄၅ နှစ်အရွယ်အသီးသီးရှိ ခရီးသည်ငါးဦးသေဆုံးခဲ့ပြီး အားလုံး ဟူစတန်မှ ဖြစ်ကြသည်။
ဟူစတန်အပြင်ဘက် လေဆိပ်တစ်ခုမှ နံနက်စောစောထွက်ခွာခဲ့သည့် ဘိချ်လေယာဉ်ငယ်သည် ကားဗီလီလေဆိပ်မှ အနောက်မြောက် ၆ မိုင်အကွာတွင် ပျက်ကျခဲ့ကြောင်း၊ လေကြောင်းလိုင်းများပျံသန်းနေကြလမ်းကြောင်းမဟုတ်ကြောင်း သိရသည်။
ပျက်ကျလေယာဉ်ကို ရေသီယွန်ကုမ္ပဏီမှ ၁၉၉၉ ခုနှစ်၌ ထုတ်လုပ်ခဲပြီး စီဝက်စ်နှင့် ချားလ်စ်မိုရီနာဆိုသူ ပူးတွဲပိုင်ဆိုင်ကြောင်းလေကြောင်းအုပ်ချုပ်ရေးအဖွဲ့(အက်ဖ်အေအေ)မှတ်တမ်းများက ဖော်ပြခဲ့သည်။လေယာဉ်ပျက်ကျခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
အိမ်ခြံမြေတစ်ခုကို သွားရောက်ကြည့်ရှုစဉ် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားသူတစ်ဦး၏မိသားစုက ဟူစတန်ရုပ်သံသို့ ပြောဆိုခဲ့သည်။
စီဝက်စ်သည် လေယာဉ်ဖြင့် အကုန်အကျခံ၍ ရပ်ဝေးမှ အရေးပေါ်လူနာများ သယ်ယူပေးသည့် ပရဟိတအလှူပြုလုပ်သူသာမက အနိုင်ကျင့်ခံရသည့်ကလေးများ ပြန်လည်ထူထောင်ရေးအတွက် အထူးလိုအပ်ချက်များကို ထောက်ပံ့လေ့ရှိသူတစ်ဦးလည်း ဖြစ်သည်။

















