တိုက်ကြီးမြို့နယ်၌စားသုံးသူရေးရာဦးစီးဌာနပိုင်သိုလှောင်ရုံများအားလေလံအောင်သည်ဟုပြောဆိုကာဖျက်သိမ်းခဲ့သူကိုးဦးအားပြည်သူပိုင်ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းဧပြီ၂၃ရက်တွင်သိရသည်။
ဧပြီ၂၀ရက်တွင်တိုက်ကြီးမြို့နယ်မင်းရဲကျော်စွာရပ်ကွက်နှင့်ကျန်စစ်သားရပ်ကွက်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနစားသုံးသူရေးရာဦးဌာနပိုင်အဆိုပါသိုလှောင်ရုံငါးလုံးကိုလူတစ်စုကဖျက်သိမ်းနေကြောင်း ဥက္ကံမြို့စားသုံးသူရေးရာဌာန၊ခရိုင်ဦးစီးမှူးဦးအောင်တင်စိုးကတိုင်ကြားသဖြင့်သက်ဆိုင်ရာကသတင်းအရသွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် အလုပ်သမားခေါင်းဆောင် ဦးဘတိုး(ခ) မြတ်ခိုင်နှင့်တောသားကြီး(ခ)မြင့်လှိုင်၊မဲကြီး(ခ)မျိုးဝင်း၊အကြီးကောင်၊စန်းယု၊မောင်ခင်လှိုင်၊သက်နိုင်ဦး(ခ) အောင်မျိုး၊ဦးညွန့်ဝေတို့(၈)ဦးမှအခင်းဖြစ်နေရာ၌သိုလှောင်ရုံများကို ဖျက်သိမ်းနေသည်ကိုတွေ့ရှိခဲ့သည်။
အလုပ်သမားခေါင်းဦးဘတိုး(ခ) မြတ်ခိုင် မေးမြန်းကြည့်ရာ၎င်းတို့အားမင်္ဂလာတောင်ညွန့်မြို့နယ် နေဒေါ်တင်တင်မိုး(စိစစ်ဆဲ)ဆိုသူကဖျက်သိမ်းခိုင်း၍ဖျက်သိမ်းနေရခြင်းဖြစ်ကြောင်းပြောပြသိရှိသဖြင့် အထောက်အထားများတောင်းယူခဲ့သည်။
၎င်းတို့ကအဆောက်အဦနှင့်တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့်ဂိုဒေါင်များကိုစစ်ဆေးကြည့်ရှုရာဂိုဒေါင် အမှတ်(၂)နှင့်(၃)တို့မှသွပ်(၄၈၀)ချပ်၊၊ခေါင်အုပ်သွပ်(၃၀) ချပ် ၊၆×၁လက်မ၁၀ပေ(၂၇၁)ချောင်း၂×၁လက်မဆိုက်စုံ၂၀၀ချောင်းတို့အားဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့်ဌာနပိုင်သိုလှောင်ရုံကိုဌာန၏ခွင့်ပြုချက်မရှိဘဲဝင်ရောက်ဖျက်သိမ်းသူဦးဘတိုး(ခ) မြတ်ခိုင်ပါရှစ်ဦးနှင့်လေလံအောင်သည်ဟုပြောဆိုကာဖျက်သိမ်းခိုင်းသည့်ဒေါ်တင်တင်မိုးတို့ကိုအရေးယူပေးရန် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဥက္ကံနယ်မြေရဲစခန်းက(ပ)၉၀/၁၉ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ၆(၁)အရအမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















