ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ၊ သမ္မတပူတင်နှင့် ဧပြီ ၂၅ ရက်တွေ့မည်

ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ၊ သမ္မတပူတင်နှင့် ဧပြီ ၂၅ ရက်တွေ့မည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သံချပ်ကာရထားဖြင့်ထွက်ခွာခဲ့ပြီး ဧပြီ ၂၄ ရက်၌ ရုရှားသို့ ရောက်ရှိခဲ့ကာ ဧပြီ ၂၅ ရက်တွင် သမ္မတ ဗလာဒီမီယာပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ကင်၏သံချပ်ကာရထားထွက်ခွာသွားခဲ့ကြောင်း ဧပြီ ၂၄ ရက်အစောပိုင်းတွင်မှ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အတည်ပြုခဲ့သည်။

ရုရှား၏ ပစိဖိတ်ဆိပ်ကမ်းမြို့ ဗလာဒီဗော့စတော့၌ တွေ့ဆုံကြမည်ဖြစ်ပြီး ကင်ဂျုံအွန်သည် ၂၀၁၁ ခုနှစ်က ၄င်း၏ ဖခင် ကင်ဂျုံအီ ရုရှားသို့ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးရောက်ရှိသည့် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သည်။

ရုရှားတွင် ကင်သည် ရုရှားဒုတိယဝန်ကြီးချုပ် ယူရီထရွတ်နက်ဗ်တည်ခင်းသည့် ညစာစားပွဲကို ဦးစွာတက်ရောက်ကာ ဧပြီ ၂၅ ရက်၌ သမ္မတပူတင်နှင့် ထိပ်သီးချင်းတွေ့ဆုံပွဲကျင်းပပြီး ဧပြီ ၂၆ ရက်၌ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

ပူတင်နှင့်ကင်တွေ့ဆုံမှုတွင် မြောက်ကိုရီးယား၏နျူကလီးယားအစီအစဉ်ကို အာရုံစိုက်ဆွေးနွေးကာ ထရမ့်နှင့်ကင် တွေ့ဆုံသည့်အခါ အလားအလာကောင်းများပေါ်ထွက်စေရေး ရုရှားကကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော် အကြံပေး ယူရီအူရှာကော့ဗ်က ပြောဆိုခဲ့သည်။

ကင်သည် ၄င်းနိုင်ငံနှင့် ရုရှား၊ တရုတ်တို့ ဆက်ဆံရေးကို အားကောင်းစေရန် ကြိုးပမ်းနေပြီး ၄င်း၏ နျူကလီးယားအရေး စေ့စပ်မှုတွင်မူ ရုရှား၏အခန်းကဏ္ဍမည်မျှကြီးမားမည်မူ မသဲကွဲကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။

ကင်နှင့်ပူတင် တွေ့ဆုံမှုမှ ဒေသဆိုင်ရာနိုင်ငံရေးနှင့် ပြုံယမ်း၏ရှေ့မတိုးနောက်မဆုတ် နျူကလီးယား အရေးတို့တွင် ပူတင်၏သြဇာ သက်ရောက်မှုတိုးမြင့်စေမည့် အခွင့်အရေးဖြစ်နိုင်ကြောင်းလည်း သတင်းများက ဖော်ပြကြသည်။

နျူကလီးယားအရေးစေ့စပ်မှု ပိတ်ဆို့နေခြင်းကို စိတ်ပျက်သည့်လက္ခဏာများ တိုးမြှင့်ဖော်ပြနေသည့် မြောက်ကိုရီးယားသည် လွန်ခဲ့သည့်အပတ်က နည်းဗျူဟာလက်နက်သစ်တစ်မျိုး စမ်းသပ်ခဲ့ကာ စေ့စပ်ပြောဆိုရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို ဖယ်ရှားပေးရန်လည်း တောင်းဆိုခဲ့သည်။

နိုင်ငံတကာပိတ်ဆို့မှုများကြောင့် သေးငယ်လှသည့် မြောက်ကိုရီးယား ရုရှားကုန်သွယ်ရေးကို နှစ်ဘက်တိုးမြှင့်လိုပြီး ရုရှားသည် မြောက်ကိုရီးယားထံမှ သယံဇာတများ အလိုရှိနေသည်။