ဆွန်နီမွတ်စလင်လွှမ်းမိုးသည့် ဆော်ဒီအာရေဗျနိုင်ငံတွင် အကြမ်းဖက်မှု၊ ရာဇဝတ်မှုစွဲချက်များဖြင့် နိုင်ငံသား ၃၇ ဦးကို ကွပ်မျက်လိုက်ရာတွင် ကွပ်မျက်ခံရသူအများစုသည် ရှီယိုက်မွတ်စလင်များဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၃ ရက်က ယင်းသို့ကွပ်မျက်လိုက်ခြင်းဖြစ်ပြီး ဆွန်နီအကြမ်းဖက်သမားများကိုပါ သတိပေးခြင်းဖြစ်သော်လည်း ဒေသတွင်းပြိုင်ဘက်ဖြစ်သည့် အီရန်နှင့် ဆော်ဒီအကြား တင်းမာမှုမြင့်တက်လာနိုင်ခြေ ရှိနေသည်။
ဆော်ဒီအစိုးရနှင့် သဘောထားကွဲလွဲပြီးဝါရှင်တန်အခြေစိ်ုက် ပင်လယ်ကွေ့အဖွဲ့အစည်းထူထောင်သူ အလီအာလ်အာမက်က ကွပ်မျက်ခံရသူ ရှီယိုက် ၃၄ ဦး၏ အမည်များကို ထုတ်ပြန်ခဲ့သည်။
ကွပ်မျက်မှုသည် နိုင်ငံရေးရည်ရွယ်ချက်ပါရှိပြီး အီရန်ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း အလီအာလ်အာမက်က ပြောသည်။
ဆွန်နီနှင့် ရှီယိုက်များအကြား ပွင့်လင်းစွာတွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုခဲ့ဖူးသည့် ရှီယိုက် ဘာသာရေးခေါင်းဆောင် ရှိတ် မိုဟာမက် အာလ်အတီယာလည်း ကွပ်မျက်ခံရသူများထဲပါဝင်ကြောင်း ပြောဆိုခဲ့သည်။
ဆော်ဒီဘုရင့်နိုင်ငံသမိုုင်းတွင် ရှီယိုက်များကို အများဆုံး အစုလိုက်ကွပ်မျက်မှုဖြစ်ကြောင်း၊ ရီယာ့ဒ်ရှိ အထူးတရားရုံးကစစ်ဆေးပြီး အပြစ်ရှိကြောင်းတွေ့ရှိ၍ သေဒဏ်ပေးခံရသူများဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နှိပ်စက်ညှင်းပန်းပြီး ဟန်ဆောင်တရားရုံးများနှင့် ပြစ်ဒဏ်ချမှတ်ခံကြရခြင်းဖြစ်ကြောင်း၊ စွပ်စွဲခံရချိန်တွင် အသက် ၁၆ နှစ်သာ ရှိသေးသူတစ်ဦးလည်းပါဝင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုခဲ့သည်။
ကွပ်မျက်မှုများကို အစဉ်အလာအားဖြင့် နေ့လည်ဘက် ဝတ်ပြုချိန်အပြီး လူလယ်ခေါင်တွင် ပြုလုပ်ခြင်းဖြစ်သည်။၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်က လူ ၄၇ ဦးကို တစ်ရက်တည်းခေါင်းဖြတ်ကွပ်မျက်ခဲ့ပြီးနောက် အများဆုံးစီရင်မှုဖြစ်သည်။
အစ္စလာမ္မစ်ဥပဒေနှင့်အညီ စီရင်ခြင်းဖြစ်ကြောင်း ရှေးရိုးစွဲပြင်းထန်သည့် ဆွန်နီခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ဆော်ဒီ အမြင့်ဆုံးအာဏာပိုင် ဘာသာရေးကောင်စီက ပြောဆိုသည်။
ယခုနှစ်စမှဆိုလျှင် ကွပ်မျက်သူစုစုပေါင်း ၁၀ဝ ဝန်းကျင် ရှိသွားပြီဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကလည်း ၁၄၉ ဦး ကွပ်မျက်ခဲ့ကာ ထိုစဉ်ကအများစုမှာ မူးယစ်ကုန်သည်များဖြစ်သည်။
ဆော်ဒီတွင် အိုင်အက်စ်အုပ်စုကို သစ္စာခံသူများသည်လည်း ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ လုံခြုံရေးအရာရှိများ၊ ရှီယိုက်ဝတ်ပြုသူများအပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည်။
နောက်ဆုံးအဓိကတိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ရပ်မှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်ခဲ့သည်။

















