လယ်ယာထုတ်ကုန်များ ဈေးကွက်ရရှိရေးတွင် အရည်အသွေးပြည့်မီရန် အရေးကြီးသလို အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ မှန်ကန်တိကျမှုသည် လည်း အလွန်အရေးကြီးကြောင်း ဧပြီ ၂၃ ရက်ကပြုလုပ်သည့် နိုင်ငံတကာ ဈေးကွက်များ၌ ခိုင်မာသောဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသည့်ဆန်များ တင်ပို့နိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောဆိုသည်။
အရည်အသွေးအရေးကြီး
"အိုင်ဗရီကို့စ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ကိစ္စအပေါ် သင်ခန်းစာယူပြီး ဆွေးနွေးကြရမှာပါ။ ဆန်တင်ပို့မှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်ကပို့တဲ့ပမာဏနဲ့ ရေကြောင်းက ပို့တဲ့ပမာဏရဲ့ ထက်ဝက်ခန့်စီရှိပါတယ်။ အခု အိုင်ဗရီကို့စ်လိုပြဿနာမျိုး မရှိခဲ့ဘူး။ ဒီအချက်က ဆန်စပါးထုတ်လုပ်သူများရော၊ အိတ်စပို့တာများ၊ ကုန်သည်များကပါ ဆန်တင်ပို့တဲ့လုပ်ငန်းကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင် တယ်ဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုတွေထပ်မဖြစ်အောင် လယ်ယာ ထုတ်ကုန်များ ဈေးကွက်ရရှိရေးမှာ အရည်အသွေးပြည့်မီဖို့က အရေးကြီး ပါတယ်။ လယ်သမားများဘက်က ထုတ်လုပ်မှုကောင်းသည့်တိုင် စပါးဝယ်ယူ၊ ကြိတ်ခွဲ၊ သယ်ပို့၊ သိုလှောင်၊ ဖြန့်ချိ စတဲ့ Logistic အဆင့်များကလည်း အရေးကြီးပါတယ်။ အရည်အသွေးစစ်ဆေးရေးအဖွဲ့ရဲ့ မှန်ကန်တိကျမှုက လည်း အလွန်အရေးကြီးပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်း မြင့်က ပြောဆိုသည်။
တင်ပို့နိုင်ခဲ့
ပြည်ပသို့ဆန်တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၃ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၂ သန်း၊ ဒေါ်လာ ၃၈၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၇၀ မှ ဆန်တန်ချိန် ၈ ဒသမ ၅ သိန်း၊ ဒေါ်လာ ၂၈၈ သန်းဖိုးတင်ပို့နိုင်ခဲ့သိရသည်။ ထို့အပြင် နယ်စပ်မှဆန်တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၅၅ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း၊ ဒေါ်လာ ၅၉၅ သန်းဖိုးတင်ပို့ နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၀၃ ခုမှ ဆန်တန်ချိန် ၁ ဒသမ ဝ၇ သန်း၊ ဒေါ်လာ ၃၅၉ သန်းဖိုးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဝိုင်းစဉ်းစား
"ဆန်တင်ပို့မှုနဲ့ပတ်သက်ပြီးတော့ အလုံးစုံမူဝါဒကို ပြန်ဆန်းစစ်ဖို့လိုပါ တယ်။ Supply Change တစ်ခုလုံးမှာ ကြုံတွေ့နေရတဲ့ပြဿနာတွေကို ပြန်လည်ပြီးကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းစဉ်းစားဖို့လိုပါတယ်" ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောဆိုသည်။
အများဆုံးနိုင်ငံ
ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများသည် အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အီတလီ၊ တရုတ်၊ ဥရုဂွေး၊ ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံတို့ဖြစ်ပြီး ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံများမှ တရုတ်၊ ဆော်ဒီ အာရေးဗီးယား၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ အာရပ်စော်ဘွားများနိုင်ငံ၊ အင်္ဂလန်၊ တောင်အာဖရိကနှင့် အီရတ်နိုင်ငံတို့ဖြစ်သည်။

















