အာဖဂန်တွင် အကြမ်းဖက်များထက် အစိုးရတပ်များကြောင့် အရပ်သားပိုမိုသေဆုံးနေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

အာဖဂန်တွင် အကြမ်းဖက်များထက် အစိုးရတပ်များကြောင့် အရပ်သားပိုမိုသေဆုံးနေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

အာဖဂန်နစ္စတန်တွင် အစိုးရတပ်များ၊ အမေရိကန်မဟာမိတ်တပ်များကတစ်ဖက် တာလီဘန်နှင့် အခြားလက်နက်ကိုင်များကတစ်ဖက် ဖြစ်ပွားနေသောစစ်ပွဲတွင် ၂၀၁၉ ပထမသုံးလပတ်အတွင်းအစိုးရနှင့် မဟာမိတ်တပ်များကြောင့် အရပ်သားပိုမိုသေဆုံးခဲ့ရကြောင်းကုလသမဂ္ဂကဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အာဖဂန်စစ်ပွဲတစ်လျှောက် အစိုးရနှင့် မဟာမိတ်တပ်များကြောင့် အရပ်သားသေဆုံးမှု ပိုများလာသည့် ပထမဆုံးအချိန်လည်း ဖြစ်သည်။ အာဖဂန်နစ္စတန်ဆိုင်ရာကုလသမဂ္ဂ ကူညီထောက်ပံ့ရေးမစ်ရှင်အဖွဲ့ကအစီရင်ခံစာထုတ်ပြန်ခြင်းဖြစ်သည်။

သို့တိုင် ပြီးခဲ့သည့် နှစ်များတစ်လျှောက် အရပ်သားသေဆုံးနှင့် ဒဏ်ရာရမှုများသည် တာလီဘန်နှင့် အကြမ်းဖက်အဖွဲ့များကြောင့်ဖြစ်ကြောင်းလည်းအစီရင်ခံစာကဖော်ပြသည်။

၂၀၁၉ ပထမသုံးလပတ်အတွင်းအရပ်သား ၅၈၁ ဦးသေဆုံးကာ ၁၁၉၂ ဦးဒဏ်ရာရခဲ့သည်။ သေဆုံးနှင့် ဒဏ်ရာရသူစုစုပေါင်း  ၁၇၇၃ ဦးဖြစ်ပြီးထိုနှုန်းသည် ရှေ့နှစ်ကာလတူက ၂၃၀၅ ဦးနှင့်ယှဉ်လျှင် ကျဆင်းလာခြင်းဖြစ်ကြောင်းတွေ့ရသည်။

အကြမ်းဖက်အဖွဲ့များကြောင့် ဒဏ်ရာရသူပိုများသည့်တိုင်၊ နေတိုးအပါအဝင် အစိုးရနှင့် မဟာမိတ်တပ်များကြောင့်သေဆုံးနှုန်းပိုများခဲ့ကြောင်း သိရသည်။

အစိုးရနှင့် မဟာမိတ်တပ်များကြောင့် အရပ်သား ၃၀၅ ဦးသေဆုံးခဲ့ရပြီးထက်ဝက်ခန့်သည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ကျန်သေဆုံးမှုများမှာအကြမ်းဖက်သမားများကိုရှာဖွေချေမှုန်းရေးစစ်ဆင်ရေးအတွင်းအပြန်အလှန် ပစ်ခတ်မှုများအတွင်းသေဆုံးခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အကြမ်းဖက်အဖွဲ့များကြောင့် အရပ်သား ၇၃၆ ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရနှင့်  မဟာမိတ်များကြောင့် ၃၀၃ ဦးဒဏ်ရာရရှိခဲ့ကြောင်းအစီရင်ခံစာကဖော်ပြသည်။

ကုလသမဂ္ဂသည်   အာဖဂန်အရပ်သားများတိုက်ပွဲများကြောင့် သေဆုံးနှုန်းကို ၂၀ဝ၉ ခုနှစ်မှစတင်ကာစာရင်းကောက်ခဲ့ခြင်း ဖြစ်သည်။