သမ္မတအဗ္ဗဒဲဖာတာအယ်စီစီကို ၂၀၃၀ ပြည့်နှစ်ထိရာထူးထမ်းဆောင်ခွင့် ရရှိစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကိုအီဂျစ်မဲဆန္ဒရှင် အများစုက ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုလိုက်ကြောင်းအီဂျစ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဧပြီ ၂၃ ရက်တွင် ထုတ်ပြန်သည်။
၂၀၁၃ ခုနှစ်တွင် အစ္စလာမ္မစ် သမ္မတမိုဟာမတ် မော်စီကို ပြည်သူအများဆန့်ကျင်ဆန္ဒပြကြပြီးနောက် ထိုစဉ်ကစစ်ဦးစီးချုပ်အယ်စီစီသည် စစ်တပ်ကိုဦးဆောင်ကာသမ္မတမော်စီကို ဖြုတ်ချပြီးစစ်အာဏာသိမ်း၍အီဂျစ်ကိုအုပ်ချုပ်ခဲ့သည်။
၂၀၁၄ ခုနှစ် အခြေခံဥပဒေပြင်ဆင်မှုကိုမဲဆန္ဒရှင် ၈၈ ဒသမ ၈၃ရာခိုင်နှုန်းကထောက်ခံခဲ့ကြောင်းရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည်။
မဲထည့်ခွင့်ရှိသူ ၆၁ သန်းအနက် ၄၄ ဒသမ ၃၃ ရာခိုင်နှုန်းမဲထည့်ခဲ့ကြောင်းသိရသည်။ ပြည်သူ့ဆန္ဒခံယူပွဲကိုဧပြီ ၂၀ မှ ၂၂ ရက်ထိကျင်းပခဲ့သည်။
အခြေခံဥပဒေ ပြင်ဆင်ချက်အရသမ္မတသက်တမ်းကိုလေးနှစ်မှ ခြောက်နှစ်သို့ တိုးမြှင့်လိုက်ကာသက်တမ်းနှစ်ကြိမ်ထိ ထမ်းဆောင်ခွင့် ပြုထားသည်။သမ္မတအယ်စီစီအတွက်လည်းသီးသန့်အချက်ပါဝင်ပြီးလက်ရှိလေးနှစ်သက်တမ်းကို နှစ်နှစ်တိုးကာ ၂၀၂၄ ခုနှစ်ထိထမ်းဆောင်ခွင့်ရမည်ဖြစ်သလို၊ နောက်ထပ် ခြောက်နှစ်သက်တမ်းအတွက်လည်းထပ်မံယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ်ထိအုပ်ချုပ်ရေးလမ်းပွင့်သွားကြောင်း တွေ့ရသည်။
ဆန္ဒခံယူပွဲကာလအတွင်းအစိုးရလိုလားသူများ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်အမတ်များကထောက်ခံမဲအတွက် လုံးပမ်းခဲ့ကြပြီးမဲထည့်မည့်သူများအားအခမဲ့ ပို့ဆောင်ပေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းများပါ ဆောင်ရွက်ခဲ့သလို၊ အာဏာပိုင်များကလည်းမဲထည့်သူများပြားစေရန်အတွက် မဲမထည့်လျှင် အရေးယူမည်ဟုခြိမ်းခြောက်မှုများရှိခဲ့သည်။

















