သီရိလင်္ကာနိုင်ငံ၌ ဧပြီ ၂၁ ရက်က ကျရောက်သည့် အီစတာတနင်္ဂနွေနေ့တွင် အသေခံဗုံးခွဲမှုများကြောင့် သေဆုံးသူဦးရေသည် ဧပြီ ၂၄ ရက်အထိ ၃၅၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ဗုံးခွဲမည့်သတင်းကို ကြိုတင်ရရှိပြီး အစိုးရဌာနများကြား သတင်းပေးပို့မှုမရှိခဲ့သည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာက ဧပြီ ၂၃ ရက် အနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မည့် သတင်းကို အမေရိကန်အစိုးရ ကြိုတင်ရရှိခြင်း မရှိခဲ့ကြောင်း၊ သီရိလင်္ကာအစိုးရအဖွဲ့တွင်း အားနည်းချက်များရှိနေကြောင်း သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ်ကြီး အလိုင်နာ တက်ပ်လစ်ဇ်က ပြောဆိုခဲ့သည်။
အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဗုံးခွဲမှုများမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုပြီး ဘုရားကျောင်းသုံးကျောင်းနှင့် ဟိုတယ်သုံးခုတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့သူ ခုနစ်ဦးတို့၏ ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောလတွင် နယူးဇီလန်ရှိ ဗလီဗုံးခွဲတိုက်ခိုက်မှုအတွက် အစ္စလာမ်အစွန်းရောက်များက လက်စားချေခြင်း ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သော်လည်း ယခုဗုံးခွဲမှုတွင်ပါဝင်ခဲ့သူများမှာ သီရိလင်္ကာနိုင်ငံသားများသာဖြစ်ကြသည်။
ဗုံးခွဲသူများ၏ နိ်ုင်ငံခြားအဆက်အသွယ်ကို သိရှိရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ရာနီး ဝိကာရာမသင်္ဃက ပြောဆိုခဲ့သည်။
ဗုံးခွဲမှုနှင့်ဆက်စပ်၍ နောက်ထပ်သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်သောကြောင့် ဖမ်းဆီးထားသူ ၅၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ရူဝန် ဂူနာဆဲကာရာက ပြောဆိုခဲ့သည်။
တိုက်ခိုက်မှုကို ဒေသခံအကြမ်းဖက်အဖွဲ့ အမျိုးသားတိုးဟိဂျမားအက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာအာဏာပိုင်များက ပြောဆိုခဲ့သည်။အဖွဲ့၏ခေါင်းဆောင်သည် လွန်ခဲ့သော သုံးနှစ်တွင် လှုံ့ဆော်မှုပါဝင်သော မိန့်ခွန်းများပြောဆိုခဲ့သည့်အတွက် နာမည်ကျော်ကြားလာခဲ့သည့် မိုဟာမက် ဇာရန် သို့မဟုတ် ဇာရန် ဟက်ရှ်မီဖြစ်သည်။
သီရိလင်္ကာလုံခြုံရေးဌာနများတွင်းရှိ အားနည်းချက်များကြောင့် ဗုံးခွဲမှုကိုးမှုကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရူဝန် ဝီဇဝါဒါနကပြောဆိုခဲ့သည်။တိုက်ခိုက်ရန် ကြိုးပမ်းမှုကို ကြိုတင်သတင်းရရှိခဲ့သော်လည်း ၎င်းကို အသိပေးမှုမရှိခဲ့သောကြောင့် ထိန်ချန်သည့် အရာရှိများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဖြစ်ကြောင်း သမ္မတသီရိသေနာကပြောဆိုခဲ့သည်။

















